မနီလာ၊ နိုဝင်ဘာ ၁၅
၂၀၂၆ ခုနှစ်အတွက် အာဆီယံ ဥက္ကဋ္ဌနေရာကို ဖိလစ်ပိုင် လွှဲပြောင်းယူဖို့ ပြင်ဆင်နေချိန်မှာ နိုင်ငံခြားရေးဝန်ကြီး မာ ထရီဆာ လာဇရိုကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဥက္ကဋ္ဌ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီး မာ ထရီဆာ လာဇရိုကို အဲဒီ ရာထူးနေရာအတွက် ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက နိုဝင်ဘာ ၁၄ ရက်က ခန့်အပ်ခဲ့တာ ဖြစ်တယ်လို့ Philippine News Agency သတင်းဌာနက ဖော်ပြပါတယ်။

မြန်မာပြည်သူတွေကို ကူညီပေးရေး အားလုံးပါဝင်တဲ့ အပြုသဘောဆောင်တဲ့ ဆောင်ရွက်မှုမျိုး ဝန်ကြီး မာထရီဆာက လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း သမ္မတ မားကို့စ်က ပြောပါတယ်။
အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်နဲ့အတူ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ပြန်လည် ရင်ကြားစေ့ရေး မိမိတို့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်းလည်း သမ္မတ မားကို့စ်က ပြောထားပါတယ်။

လာမယ့်နှစ် အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဖိလစ်ပိုင်အနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ထက် ကျော်လွန်ပြီး လက်တွေ့ကျတဲ့ ဆောင်ရွက်မှုမျိုး ပြုလုပ်သင့်တယ်လို့ လေ့လာသူတွေက ပြောထားပါတယ်။
မြန်မာ စစ်ခေါင်းဆောင်တွေက အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အလေးမထားတာနဲ့ အကောင်အထည်ဖော်မှု မရှိဘဲ လူသားချင်း စာနာထောက်ထားရေး အကူအညီ ပေးမှုတွေကိုလည်း ကန့်သတ် ထိန်းချုပ်နေပါတယ်။
၂၀၂၆ ခုနှစ်မှာ မြန်မာနိုင်ငံက အာဆီယံ ဥက္ကဋ္ဌနေရာကို ရယူရမှာ ဖြစ်ပေမယ့် မြန်မာကို မပေးဘဲ ဖိလစ်ပိုင်က လွှဲပြောင်းယူခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်ရဲ့ အာဆီယံ ဥက္ကဌ သက်တမ်းအတွင်းမှာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ မလေးရှား အထူးကိုယ်စားလှယ်ကိုပဲ အဲဒီ ရာထူးမှာ ဆက်လက် ခန့်ထားဖို့ မြန်မာ အရပ်ဖက် အဖွဲ့အစည်းတွေက တောင်းဆိုခဲ့ကြပါတယ်။
အကြမ်းဖက် တိုက်ခိုက်မှုတွေ အဆုံးသတ်ရေး၊ အဖွဲ့အစည်းအားလုံး ဆွေးနွေးရေး၊ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးရေးနဲ့ သက်ဆိုင်ရာ အစုအဖွဲ့အားလုံး စေ့စပ်ရေး တိုက်တွန်းထားတဲ့ အာဆီယံ ဘုံသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဧပြီမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် သဘောတူခဲ့တာပါ။
ဒါပေမဲ့ အာဆီယံ အစည်းအဝေးက ပြန်လာပြီးနောက် အကောင်အထည်ဖော်မှု မရှိတာ ဒါမမှဟုတ် အကောင်အထည် မဖော်နိုင် ဖြစ်နေပါတယ်။
လူသားချင်းစာနာရေး အကူအညီ ပေးပို့မှုတွေကို စစ်တပ်က ထိန်းချုပ်ထားသလို အရပ်သားတွေကို လေကြောင်း တိုက်ခိုက်မှုတွေလည်း တိုးမြှင့် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Ref:DVB

