ဘားအံ၊ နိုဝင်ဘာ ၅
ကရင်ပြည်နယ်မှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေကို လက်ခံယုံကြည်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် သုံးဦး အလင်းဝင်လာတယ်လို့ နိုဝင်ဘာ ၅ ရက်နေ့ထုတ် စစ်ကော်မရှင်ရဲ့ ဝါဒဖြန့်သတင်းမှာ ဖော်ပြထားပါတယ်။
အလင်းဝင်လာတဲ့ PDF ရဲဘော် သုံးဦးကို နိုဝင်ဘာ ၃ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ မိဘအုပ်ထိန်းသူတွေထံ လွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အလင်းဝင်လာတဲ့ PDF ရဲဘော် သုံးဦးဟာ M 16 သေနတ် နှစ်လက်၊ M 4 သေနတ်တစ်လက်၊ လက်လုပ်မိုင်း နှစ်လုံးနဲ့ ခဲယမ်းတွေ ယူဆောင်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမယ့် အလင်းဝင်လာတဲ့ PDF ရဲဘော် သုံးဦးဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ ဘယ်တပ်ရင်းတပ်ဖွဲ့က ဖြစ်တယ်ဆိုတာ စစ်ကော်မရှင်ဘက်က တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။
အလင်းဝင်လိုတဲ့ PDF ရဲဘော်တွေအနေနဲ့ နီးစပ်ရာ ခရိုင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့တွေအပါအဝင် တပ်စခန်းတွေထံ သတင်းပေးပို့ကြဖို့နဲ့ လက်နက်ခဲယမ်းတွေအတွက် ဆုကြေးငွေးတွေ ပေးအပ်သွားမယ်လို့ စစ်ကော်မရှင်က ဝါဒဖြန့်ထားပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲမတိုင်မီ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ အလင်းဝင်ရောက်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေတယ်လို့ ဝါဒဖြန့်ချီနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

