မော်လမြိုင် ၊ နိုဝင်ဘာ ၅
မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ စစ်ကော်မရှင် ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို အကြိုကာလ ကျင်းပစဉ်ကာလနဲ့ ရွေးကောက်ပွဲအလွန် ကာလသုံးရပ်စုလုံး ဆန့်ကျင်သွားမယ်လို့ နိုဝင်ဘာ ၃ ရက်နေ့မှာ အသိပေးပါတယ်။
လာမယ့် နှစ်ကုန်ပိုင်းမှာ ကျင်းပဖို့ ရှိနေတဲ့ အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က တရားမဝင် အတုအယောင် ရွေးကောက်ပွဲအပေါ် မူဝါဒရပ်တည်ချက်စာတမ်းတစ်စောင် ထုတ်ပြန်လာတာပါ။
စစ်အုပ်စုကနေ ဖွဲ့စည်းထားတဲ့ စစ်ကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ လူထုဆန္ဒကို ဆန့်ကျင်ပြီး အာဏာသိမ်းခဲ့တာကြောင့် အာဏာသိမ်း စစ်တပ်ဟာ တရားမဝင် အုပ်စုဖြစ်ပြီး ရွေး ကောက်ပွဲကျင်းပခွင့်မရှိဘူးလို့ ဆိုပါတယ်။
သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကလည်း နိုင်ငံရေးအရ တရားဝင်မှု မရှိတာကြောင့် အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC က သတ်မှတ်တာ ဖြစ်ပါတယ်။
နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းနိုင်ဘဲ ရွေးကောက်ပွဲကို အတင်းပြုလုပ်ရင် ပိုမိုများပြားတဲ့ ပဋိ ပက္ခကိုသာ ဦးတည်စေမှာဖြစ်ပြီး ပြည်သူကို အကျိုးမဖြစ်စေဘဲ လူအများဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့ စာတမ်းမှာ ဖော်ပြပါတယ်။
ဒါကြောင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ရာမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအကျိုးစီးပွားကို ဦးတည်ပြီး မဟာဗျူဟာနဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မူဝါဒရပ်တည်ချက်စာတမ်းကို အခြေခံကာ အဲဒီ အတုအယောင်ရွေးကောက်ပွဲအပေါ် တုံ့ပြန်ရေး MSFC အနေနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးအရ ချဉ်းကပ်မယ့် ရှေ့ဆက်လုပ်ငန်းစဉ်ကို ဖော်ဆောင်သွားမယ်လို့ အသိပေးတာပါ။
စစ်ကော်မရှင် ကြေညာထားတဲ့ ရွေးကောက်ပွဲအစီအစဉ်ဟာ အတုအယောင်ဖြစ်ကြောင်း လုံးဝ ထင်ရှားတဲ့ လက္ခဏာတွေ ပါရှိနေတယ်လို့ ဆိုပါတယ်။ လွတ်လပ်မှု တရားမျှတမှု အားလုံးပါဝင်မှုရှိတဲ့ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် မရှိမဖြစ် လိုအပ်ချက်တွေကို ပြည့်မီရေး ပျက်ကွက်နေတာပါ။
အတိုက်အခံပါတီတွေ လူမျိုးစုအဖွဲ့အစည်းတွေနဲ့ အဓိက သက်ဆိုင်သူတွေကို စနစ်တကျ ဖယ်ထုတ်တာ၊ အခြေခံလွတ်လပ်ခွင့်တွေကို ဖိနှိပ်တာ၊ အဖွဲ့အစည်းတွေကို ခြယ်လှယ်တာ၊ လိမ်လည်လှည့်ဖျားတဲ့ လုပ်ထုံးလုပ်နည်းတွေကို မှီခိုတဲ့အနေနဲ့ စစ်တပ်ဟာ မရှိတဲ့ တရားမျှတမှုကို အတုအယောင်ဖန်တီးဖို့ ကြိုးပမ်းနေတာလို့ ဆိုပါတယ်။
အခုလို တရားမဝင် လုပ်ငန်းစဉ်ကို ပယ်ချရေးအတွက် မြန်မာပြည်သူလူထုတွေအပါအဝင် နိုင်ငံရေးသက်ဆိုင်သူတွေနဲ့ နိုင်ငံတကာမိတ်ဘက်တွေအကြား စည်းလုံးညီညွတ်မှုဟာ မရှိမဖြစ် လိုအပ်တယ်လို့ ထောက်ပြထားတာပါ။
ပြည်သူလူထုအနေနဲ့ အတုအယောင်ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းတဲ့ ခုခံတော်လှန်မှုကို မယိမ်းမယိုင် ဆက်လုပ်သွားဖို့ တောင်းဆိုသလို အာဏာဖီဆန်ရေးလှုပ်ရှားမှုနဲ့ အသိပညာပေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ကိုလည်း MSFC က တိုက်တွန်းထားပါတယ်။
နိုင်ငံတကာအစိုးရတွေအနေနဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ၊ ထောက်ပံ့အားပေးခြင်းမပြုဖို့နဲ့ ပြည်သူလူထုရဲ့ အသံကို ခိုင်မာစေရေးနဲ့ တရားဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ကူးပြောင်းရေးအတွက် တောင်းဆိုဖို့ အားပေးသင့်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံတကာအသိုက်အဝန်းဟာ မြန်မာနိုင်ငံအတွင်းရှိ အရပ်ဘက်လူ့အဖွဲ့အစည်းနဲ့ အခြေခံလူထုရဲ့ လှုပ်ရှားမှုတွေ NUG ၊ NUCC ၊ EROs နဲ့ MECs တို့ ဦးဆောင်တဲ့အချက်တွေအပါအဝင် လှုပ်ရှားမှုတွေကို တက်ကြွစွာ ထောက်ပံ့သင့်တယ်လို့ စာတမ်းမှာ ဖော်ပြပါတယ်။
MSFC က NUG ၊ NUCC ၊ EROs ၊ MECs တို့နဲ့အတူ စစ်ကော်မရှင်ကို တရားမဝင်ကြောင်း ဖော် ထုတ်ရေးနဲ့ တရားဥပဒေနဲ့အညီ ဒီမိုကရေစီ ကူးပြောင်းရေးအတွက် ဖိအားကို ထိန်းထားဖို့နဲ့ ငြိမ်း ချမ်းတဲ့ တော်လှန်မှု၊ နိုင်ငံရေးသပိတ်မှောက်မှု၊ အသိပညာပေးလှုပ်ရှားမှုတွေနဲ့ နိုင်ငံတကာစည်းရုံးလှုံ့ဆော်မှုတွေကို ညှိနှိုင်းဆောင်ရွက်ကြဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

