လွိုင်ကော်၊ နိုဝင်ဘာ ၅

ကရင်နီပြည်နယ်မှာ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၇ ဦး သေဆုံးပြီး ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ KnHRG က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေမှာ စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်တာ၊ ဖမ်းဆီးသတ်ဖြတ်တာနဲ့ နေအိမ်မီးရှို့ဖျက်စီးတာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၃၁ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တာပါ။

အဲဒီထဲမှာ လွိုင်ကော်မြို့မှာ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၉ ကြိမ်နဲ့ အများဆုံးဖြစ်ပြီး ဒီမော့ဆိုမြို့နယ်မှာ ၈ ကြိမ်နဲ့ ဒုတိယအများဆုံး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမျိုးသား ၈ ဦး၊ အမျိုးသမီး ၄ ဦး၊ ကလေး ၆ ဦးနဲ့ ကျားမခွဲခြားလို့ မရသူ ၃ ဦး အပါအဝင် စုစုပေါင်း ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသား ၅ ဦး၊ အမျိုးသမီးတစ်ဦးနဲ့ ကျားမခွဲခြားလို့မရသူတစ်ဦး သေဆုံးခဲ့တယ်လို့ KnHRG က ဆိုပါတယ်။

အောက်တိုဘာလအတွင်း စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေရဲ့ စိုက်ပျိုးသီးနှံတွေ မရိတ်သိမ်းဖို့နဲ့ ရိက္ခာပြတ်လပ်စေဖို့အတွက် ရည်ရွယ်ချက်ရှိရှိ စိုက်ပျိုးသီးနှံ ရိတ်သိမ်းတဲ့ ပြည်သူတွေကို ဒရုန်းအသုံးပြု တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကို လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲကျင်းပဖို့အတွက် ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်တွေကို ရရှိရေးအတွက် စစ်ကြောင်းထိုးတာတွေကြောင့် အရပ်သားပြည်သူတွေ ထပ်မံရွေ့ပြောင်းနေရတာတွေရှိပြီး ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လအတွင်း ရွေ့ပြောင်းနေထိုင်သူ နှစ်သိန်းနီးပါး ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KnHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.