မိုးကုတ် ၊ နိုဝင်ဘာ ၄
တရုတ်အစိုးရရဲ့ ကြားဝင်ညှိနှိုင်းပေးမှုအရ စစ်တပ်နဲ့ တအာင်းတပ်တို့ အပစ်အခတ်ရပ်စဲမှုအပေါ် အင်အားပြန်လည်စုစည်းဖို့ နားတာဆိုပြီး TNLA ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်တာဘုန်းကျော်က သူ့သဘောထားကို ထုတ်ပြောလာပါတယ်။
အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်အပေါ် ပြင်းထန်မြန်ဆန်လို့ ပေါက်ကွဲ ခံစားမှုတွေအတွက် နားလည်ကြောင်းနဲ့ စီးပွားရေးနွံနစ် ဆွေမျိုး အဆီရစ်တဲ့ ကာလမျိုး မဟုတ်ဘဲ လေယာဉ်ဗုံးကြဲဒဏ် ဒရုန်းမိုးရွာဒဏ်ကို အတူခံနေကြရတာလို့ ဆိုပါတယ်။
ဒါ့အပြင် နားချိန်တန်လို့ ဖိအားများလို့ အားပြန်စုဖို့ နားတာဖြစ်ပြီး တော်လှန်ရေးမှာ အမြင့်ပျံတက်ရေးနဲ့ လိုချင်တာ လက်ရ ခူးဆွတ်ရေးဆိုပြီး နိုဝင်ဘာ ၂ ရက်နေ့ ညပိုင်းမှာ သူ့ရဲ့ Facebook အကောင့် Mai Tea Land ကနေ ရေးသားခဲ့တာပါ။
ဒါပေမယ့် တအာင်းတပ် TNLA ရဲ့ တရားဝင် သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာ ချက်တော့ မဟုတ်ပါဘူး။ နိုဝင်ဘာ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ ဗိုလ်ချုပ် တာဘုန်းကျော်က သူ့ရဲ့ ရေးသားချက်ကို ပြန်လည်ဖြုတ်ချခဲ့ပါတယ်။
စစ်ရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ CDM ဗိုလ်ကြီး ဇင်ယော်က အင်အားစုအလိုက် စုစည်းကျစ်လစ်ရမှာဖြစ်သလို အကန့်လိုက် တာဝန်ပိုင်းခြား သတ်မှတ်ပြီး လုပ်ရမယ့် အနေအထားလို့ သုံးသပ်ပါတယ်။
“အနေအထားက အခု ၂၀၂၅ ဒီဇင်ဘာလဆိုရင် မိုးကုတ် ရှမ်းမြောက် အခင်းအကျင်း ဘယ်လိုဖြစ်မလဲဆိုတာ ဒါကိုပဲ ကျွန်တော်တို့ စောင့်ကြည့်ရမယ်။ ကိုယ်လုပ်မှ ကိုယ်ရမယ်၊ တကယ်တမ်း ကိုယ့်အင်အားစုအလိုက်နဲ့ ကိုယ့်ဘာသာကိုယ် စုစုစည်းစည်း ကျစ်ကျစ်လစ်လစ် ဖြစ်ရမယ်။ အခု မဝန်ခံလို့မရဘူး။ ဘယ်သူလုပ်လုပ် ဒါ ငါလုပ်တယ်ကြီးပဲ မဟုတ်ဘူး။ ကိုယ့်အကန့်လိုက် အကန့်လိုက်နဲ့ တာဝန်ပိုင်းခြား သတ်မှတ်ပြီး ကိုယ်စီတာဝန်နဲ့ လုပ်ရမယ့် အနေအထားမျိုးလို့တော့ မြင်ပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
တအာင်းတပ် TNLA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း မန္တလေးတိုင်းက မိုးကုတ်အပါအဝင် ရှမ်းမြောက်က မြို့ပေါင်း ၁၂ မြို့ကို မဟာမိတ်တပ်တွေနဲ့အတူ သိမ်းယူနိုင်ခဲ့ပြီး စစ်တပ်ရဲ့ တန်ပြန်ထိုးစစ်ကြောင့် နောင်ချို၊ ကျောက်မဲနဲ့ သီပေါမြို့တို့ကို လက်လွှတ်ခဲ့ရပါတယ်။
ဒါ့အပြင် တရုတ်ဖိအားနဲ့အတူ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်နဲ့ မိုးမိတ်မြို့တို့ကိုပါ တအာင်းတပ် TNLA က ထပ်မံ လက်လွှတ်ရမှာဖြစ်တဲ့အတွက် ရှမ်းမြောက်က ၇ မြို့သာ ထိန်းချုပ်ဖို့ ကျန်ရှိတော့တာပါ။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ နဲ့ ၂၈ ရက်နေ့တို့မှာ တရုတ်အစိုးရအဖွဲ့ရဲ့ အထူးကိုယ်စားလှယ် တိန့်ရှီကျွင်း ဦးဆောင်တဲ့ ဆွေးနွေးမှုအတွင်း တအာင်းတပ်က ကိုယ်စားလှယ်အဖွဲ့နဲ့ စစ်တပ်ရဲ့ ကိုယ်စားလှယ်အဖွဲ့တို့ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ကြတာပါ။
အဲဒီတွေ့ဆုံဆွေးနွေးမှုအတွင်း အပြန်အလှန် အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူစာချုပ် လက် မှတ်ရေးထိုးခဲ့တာကြောင့် အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး နှစ်ဘက်တပ်တွေ ရောက်တဲ့နေရာမှာပဲ ရပ်တန့်ထားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တွေကနေ ပြန်လည်ဆုတ်ခွာပေးရမှာဖြစ်ပြီး စစ်တပ်ကလည်း တအာင်းဒေသကို လေကြောင်းဗုံးကြဲတာနဲ့ ထိုးစစ်ဆင်တာတွေကို ရပ်တန့်ပေးဖို့ သဘောတူခဲ့ကြတာပါ။
ဒါပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာရှိတဲ့ မိုးကုတ်ဗျူဟာနဲ့ မန္တလေး PDF ကတော့ ထိန်းချုပ်နယ်မြေတွေကို အစွမ်းကုန် ကာကွယ်မယ်လို့ အသိပေးထားကြပါတယ်။
မန္တလေးတိုင်းက မိုးကုတ်မြို့နဲ့ ရှမ်းမြောက်က မိုးမိတ်မြို့တို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအ တွင်း တအာင်းတပ် TNLA နဲ့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး တိုက်ခိုက်သိမ်းယူခဲ့ကြတာ ဖြစ်ပါတယ်။
အခုလက်ရှိမှာ အဲဒီနှစ်မြို့ကို TNLA က ဆုတ်ခွာပေမယ့် မဟာမိတ်တပ်တွေက ဆက်လက်ကာကွယ်မှာဖြစ်လို့ စစ်တပ်က အရေးပေါ်အခြေအနေအဖြစ် ဆက်လက်ကြေညာထားသလို စစ်အုပ် ချုပ်ရေးအမိန့်ကိုလည်း ရက်ပေါင်း ၉၀ သက်တမ်းတိုးထားတာပါ။
CDM ဗိုလ်ကြီး ဇင်ယော်ကတော့ စစ်တပ်အနေနဲ့ လောဆယ်မှာ မြောက်ပိုင်းက တပ်ဖွဲ့ဝင်တချို့ကို အနားပေးထားတာဖြစ်လို့ မိုးကုတ်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ မဖြစ်နိုင်သေးဘူးလို့ သုံးသပ်ပါတယ်။
“ရွေးကောက်ပွဲပြီးခါမှ မိုးကုတ်ဘက်ကို တိုက်မယ့်အနေအထားမျိုးလို့ မြင်တယ်ဗျ။လောလော ဆယ် ဒီအနေအထားမျိုးနဲ့ တိုက်ရင်တော့ စစ်တပ်မှာ အဲဒီလောက် တိုက်နိုင်တဲ့ အင်အား မရှိတော့ဘူး။ တခြားလည်း ပြန်လွှတ်လိုက်တယ်ဆိုတော့ ဟိုတပ်တွေက စရခ ၁၂ ကတော့ ကရင်ပြည်နယ် တပ်မ ၁၁ ကတော့ ရန်ကုန်ပေါ့။ ခဏအနားပေးထားပြီးရင် ကျန်တဲ့ စစ်မျက်နှာပြင်တွေကို သွားမယ်ထင်တယ်၊ မိုးကုတ်ကလည်း ရွေးကောက်ပွဲမလုပ်နိုင်ပါဘူးဆိုပြီးတော့ ဝန်ခံထားတာပေါ့။ အဲဒီတော့ လောလောဆယ် သူတို့ လူသူလက်နက်အင်အား စုဆောင်းဦးမယ်လို့ ထင်ပါတယ်”လို့ ဆိုပါတယ်။
လာမယ့် ဒီဇင်ဘာနှောင်းပိုင်းနဲ့ နောက်နှစ် အစောပိုင်းမှာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ တို့မှာ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကို မကျင်းပနိုင်တဲ့ ၅၆ မြို့နယ် စာရင်းထဲ ထည့်သွင်းတားတာပါ။
အာဏာသိမ်းမှုအတွင်း တိုင်းစစ်ဌာနချုပ် ကျဆုံးတဲ့အထိ စစ်တပ်သမိုင်းကို တဆစ်ချိုးပြောင်းလဲပေးခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်နဲ့အတူ အောင်ပွဲအလီလီ ဆွတ်ခူးခဲ့တာပါ။
ဒါပေမယ့် တရုတ်အစိုးရရဲ့ ကြားဝင်မှုကြောင့် ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ဟာ အခုချိန်မှာ စစ်တပ်နဲ့ အပစ်ခတ်ရပ်စဲထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ဖြစ်လာနေပါပြီ။
အာဏာသိမ်းမှုကနေ ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲကို ဆက်လက်ဖော်ဆောင်နေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-TNLA

