မော်လမြိုင်၊ အောက်တိုဘာ ၁၃
၂၀၂၁ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူတွေနဲ့ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီဖြစ်ပြီး NCA အကောင်အထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တစ်ခုအဖြစ်သို့ ရောက်ရှိသွားစေတယ်လို့ ERO ၆ ဖွဲ့က ပြောပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက်နေ့မှာ ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးမှု ၁၀ နှစ်ပြည့် အခမ်းအနားနဲ့ ပတ်သက်ပြီး ERO ၆ ဖွဲ့က သဘောထားထုတ်ပြန်စဉ် ထည့်သွင်းပြောဆိုခဲ့တာပါ။
အာဏာသိမ်း စစ်အုပ်စုဟာ NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ ပြည်သူလူထုကို အင်အားသုံးကာ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လာတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ကျူးလွန်လျက်ရှိစဉ်ချိန်မှာပဲ NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
စစ်အုပ်စုရဲ့ NCA အမည်ခံပြီး ပြုလုပ်တဲ့ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ စစ်အုပ်စုက သူတို့ကိုယ်တိုင် ချိုးဖောက်ခဲ့ပြီး ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအယောင် ရွေးကောက်ပွဲတို့ဟာ နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရားဝင်မှုရှိဖို့ ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ ERO ၆ ဖွဲ့က ပြောပါတယ်။
ဒါ့ကြောင့် စစ်အုပ်စု ကျင်းပမယ့် NCA ၁၀ နှစ်ပြည့် အခမ်းအနားသို့ မတက်ရောက်ခြင်းဖြင့် ပြည်သူလူထုနဲ့ အတူရပ်တည်ကြောင်းပြသကြဖို့ UN, ASEAN နဲ့ နိုင်ငံတကာသံတမန်တွေအား NCA ကို ကိုယ်တိုင်လက်မှတ်ထိုးခဲ့တဲ့ ERO ၆ ဖွဲ့က တိုက်တွန်းထားပါတယ်။
ERO ၆ ဖွဲ့မှာတော့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ NMSP – AD တို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

