ထားဝယ်၊ အောက်တိုဘာ ၁၄
တနင်္သာရီတိုင်း ထားဝယ် – မြိတ်ပြည်ထောင်စုလမ်းပိုင်းမှာ အခုရက်ပိုင်းအတွင်း လူငယ် ၇၀ ကျော် စစ်မှုထမ်း ဖမ်းဆီးခံလိုက်ရတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ ပေးပို့ချက်တွေအရ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ အောက်တိုဘာ ၇ ရက်နေ့ကစလို့ ထားဝယ်- မြိတ်လမ်းပိုင်းက ထားဝယ် (ပေါက်တိုင်းဂိတ်)၊ သရက်ချောင်းမြို့ဝင်ဂိတ်၊ ပုလော(တံတားဂိတ်)တို့မှာ လူငယ်တွေကို ဦးတည်ဖမ်းဆီးခဲ့တာပါ။
ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၁၇ နှစ်အရွယ်ကနေ ၃၀ ကြားရှိတဲ့သူတွေ ဖြစ်ပြီး အဲဒီထဲမှာ ခရီးသွားလူငယ်တွေ အများဆုံး ပါဝင်ပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေကိုတော့ ပုလော အခြေစိုက် တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင်တန်းကျောင်းနဲ့ မြိတ်ကျွန်းစုဘက်က ရေတပ်စခန်းသင်တန်းကျောင်းတွေကိုလည်း ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်က ခရီးသွားလူငယ်တွေကို စစ်မှုထမ်းဖို့ ပစ်မှတ်ထား ဖမ်းဆီးနေတာကြောင့် အထူးသတိထားသွားလာကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ အထူးတပ်ဖွဲ့ တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တဖက်မှာလည်း စစ်ကော်မရှင်တပ်ဟာ ပြည်သူ့စစ်မှုထမ်းသင်တန်းတွေအတွက် နိုင်ငံအနှံ့က စစ်မှုထမ်းအကြုံးဝင်တဲ့ လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်သားစုဆောင်းမှုတွေ လုပ်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

