NCA အခမ်းအနား မတက်ဖို့ နိုင်ငံတကာကို တော်လှန်ရေး EAOs တွေ တိုက်တွန်း

မော်လမြိုင် ၊ အောက်တိုဘာ ၁၄

မကြာခင် ကျင်းပမယ့် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားမှာ နိုင်ငံတကာက အသိသက်သေတွေကို ဖိတ်ကြားသွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြောပြီးနောက် နိုင်ငံတကာအဖွဲ့အစည်းတွေကို မတက်ရောက်ဖို့ တော်လှန်ရေး EAOs တွေက တိုက်တွန်းလိုက်ပါတယ်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAOs ၆ ဖွဲ့က အောက်တိုဘာ ၁၃ ရက်နေ့မှာ ပူးတွဲသဘောထားထုတ်ပြန်တာပါ။

အဲဒီအဖွဲ့အစည်းထဲမှာ လက်ရှိ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးမှာ ပါဝင်နေကြတဲ့ ကရင်အမျိုး သားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF ၊ ကျောင်းသားတပ်မတော် ABSDF ၊ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO နဲ့ မွန်ပြည်သစ်ပါတီ AD တို့အပြင် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်ပါတယ်။

ပြည်သူလူထုကို နေ့စဉ်ဗုံးကြဲသတ်ဖြတ်၊ လူငယ်တွေကို အဓမ္မစစ်မှုထမ်းစေခိုင်းတာလုပ်နေတဲ့ စစ်အုပ်စုရဲ့ ဟန်ပြလုပ်ငန်းစဉ်တွေမှာ ပါဝင်တာဟာ မြန်မာနိုင်ငံနဲ့ ဒေသတွင်းမတည်ငြိမ်မှုကို ဖန်တီးနေတဲ့အပေါ် ထောက်ခံရာကျတယ်လို့ ဆိုပါတယ်။

ဒါကြောင့် NCA လက်မှတ်ရေးထိုးခဲ့ခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို မတက်ရောက်ဘဲ ပြည်သူ လူထုနဲ့ အတူရပ်တည်ကြောင်း ပြသကြဖို့ UN၊ အာဆီယံနဲ့ နိုင်ငံတကာသံတမန်တွေကို တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း တော်လှန်ရေး EAOs ၆ ဖွဲ့က တိုက်တွန်းတာ ဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီ AD ပြောခွင့်ရ နိုင်ကောင်းစကားက NCA လက်မှတ်ရေးထိုးခဲ့ချိန်မှာ အသိသက်သေအနေနဲ့ နိုင်ငံတကာသံတမန်တွေ ပါဝင်ခဲ့ကြမှုအပေါ် လက်ရှိ အခြေအနေနဲ့ အခင်းအကျင်းတွေဟာ မတူညီတော့တဲ့အတွက် အခုလို တိုက်တွန်းတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုအခြေအနေမှာကျတော့ အခြေအနေချင်းက တော်တော်ကို ကွာခြားနေပြီဆိုတာရယ် နောက် ပြီး ကျွန်တော်တို့ နိုင်ငံရဲ့ ပကတိအရှိတရားက ဟိုးတုန်းကနဲ့ မတူတော့ဘူးဆိုတာရယ်ကို နိုင်ငံတကာကို သိစေချင်တယ်။နောက်ပြီးတော့ နိုင်ငံတကာတွေရဲ့ မျှော်မှန်းထားတဲ့အတိုင်း မဟုတ်ဘဲ စစ်တပ်ကိုယ်တိုင်က NCA ကို မူအားဖြင့်ရော လုပ်ရပ်နဲ့ပါ ဖျက်ဆီးနင်းခြေ အကြိမ်ကြိမ်ချိုးဖောက်ခဲ့ပြီးမှ အခု စစ်အုပ်စုအတွက် သူတို့ရဲ့ တရားဝင်မှု ဖြစ်ရေးပွဲလိုမျိုး နိုင်ငံတကာအသိုင်းအဝိုင်းဘက်က ကျွန် တော်တို့ ပြည်သူလူထုရဲ့ မျက်နှာကို မူပြီးတော့ မတက်ရောက်စေချင်တာပါ။ပြည်သူလူထုအတွက် ရပ်တည်ပေးဖို့အတွက်ကို ကျွန်တော်တို့က တိုက်တွန်းတောင်းဆိုတာပါ”လို့ ဆိုပါတယ်။

အာဏာသိမ်းခါစမှာ အာဆီယံကနေ ချမှတ်ပေးထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကိုလည်း စစ် တပ်က ဘာမှ အကောင်အထည်ဖော်မှု မပြုနိုင်ဘဲနဲ့ NCA နှစ်ပတ်လည် အခမ်းအနားလုပ်ပြီး နိုင်ငံတ ကာက တက်ရောက်မယ်ဆိုရင် မြန်မာ့အရေး ပြဿနာ ဖြေရှင်းရာ မရောက်ဘူးလို့ သူက ထောက်ပြပါတယ်။

ထုတ်ပြန်ချက်အရ NCA လုပ်ငန်းစဉ် အကောင်အထည်ဖော်ကာလအတွင်း မြန်မာစစ်တပ်ဟာ လုပ်ငန်းစဉ်ကို လွှမ်းမိုးထိန်းချုပ်တာ၊ သူတို့ရဲ့ စစ်တပ်ကြီးစိုးရေး မူဝါဒတွေနဲ့ တဖက်သတ် ပိတ်ဆို့ပြီး NCA သဘောတူညီချက်တွေကို အကောင်အထည်မဖော်နိုင်အောင် တားဆီးခဲ့တယ်လို့ ဖော်ပြပါတယ်။

စာချုပ်ပါ သဘောတူညီချက်တွေကို အကြိမ်ကြိမ် ချိုးဖောက်တာတွေ ရှိခဲ့ပေမယ့်လည်း ငြိမ်းချမ်းရေးနဲ့ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်နဲ့ စိတ်ရှည်ညည်းခံ၊ နည်းလမ်းရှာဖွေကာ တစိုက်မတ်မတ် ကြိုးစားခဲ့မှုကြောင့် သဘောတူညီချက်အချို့ရရှိအောင် ကြိုးပမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းမှုဟာ NCA စာချုပ်ရဲ့ အနှစ်သာရ၊ အခြေခံမူတွေနဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးလိုက်ပြီးဖြစ်သလို NCA အကောင်အ ထည်ဖော်မှု လုပ်ငန်းစဉ်လည်း ရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ် ရောက်ရှိသွားစေတယ်လို့ ဖော်ပြပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောတောနီးက NCA စာချုပ်ပါ အားလုံးကို ချိုးဖောက်ခံနေရတာကြောင့် စက္ကူစုတ်ဖြစ်သွားတဲ့အတွက် ဘာမှ သုံးလို့ မရတော့ဘူးလို့ သံလွင်တိုင်းမ်ကို မှတ်ချက်ပြုပါတယ်။

“အနှစ်သာရရော လုပ်ငန်းစဉ်တွေရော ရည်ရွယ်ချက်တွေ ဦးတည်ချက်တွေ အကုန်လုံးက ချိုးဖောက်ခံနေရတယ်။အဲဒါကြောင့်မို့ ကျွန်တော်တို့က စက္ကူစုတ်လို့ ပြောတာလေ။စက္ကူစုတ်ဆိုမှတော့ ဘာသွားသုံးလို့ရတော့မှာလဲ။အဲဒါ ရှင်းရှင်းလေးပါ၊ ဒါကြောင့်မို့ ကျွန်တော်ကတော့ ထူးထူးခြားခြား များများစားစား ပြောစရာလည်း မလိုတော့ဘူးလို့ ယူဆပါတယ်”လို့ ဆိုပါတယ်။

မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ KNU၊ CNF၊ ABSDF နဲ့ PNLO တို့ဟာ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၄ ဖွဲ့နဲ့အတူ အပစ်ခတ်ရပ်စဲ‌ရေး သဘောတူစာချုပ် NCA ကို ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့တာပါ။

အဲဒီနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLA ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ NMSP နဲ့ LDU တို့က ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အပစ်ခတ်ရပ်စဲ‌ရေး သဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

တော်လှန်ရေး EAOs ၆ ဖွဲ့ကတော့ NCA စာချုပ်အပေါ် ကျင့်ဝတ်စောင့်ထိန်းခြင်းမရှိဘဲ အကြိမ် ကြိမ်ချိုးဖောက်ခဲ့တဲ့ စစ်အုပ်စုဟာ ပြည်သူလူထုကို အင်အားသုံးကာ ပုံစံအမျိုးမျိုးနဲ့ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်လာခဲ့တဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်မှုတွေ နေ့စဉ်ကျူးလွန်နေချိန်မှာပဲ NCA နှစ်ပတ်လည်ပြုလုပ်ဖို့ ပြင်ဆင်နေတာလို့ ပြောပါတယ်။

NCA အမည်ခံပြီး ပြုလုပ်တဲ့ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ စစ်အုပ်စုက သူတို့ကိုယ်တိုင် ချိုးဖောက်ခဲ့လို့ ပျက်ပြယ်သွားပြီဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်မှာ ကျင်းပဖို့ ပြင်ဆင်နေတဲ့ အတုအ ယောင် ရွေးကောက်ပွဲတွေဟာ စစ်အာဏာရှင်တွေက နိုင်ငံကို တသက်လုံး ထိန်းချုပ်နိုင်ရေး တရား ဝင်မှုရှိဖို့ ကြိုးပမ်းခြင်းသာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ NCA အမည်ခံ ဟန်ပြလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အကျပ်အတည်းနဲ့ ပြည်သူ လူထုရဲ့ ဆင်းရဲဒုက္ခတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ ပဋိပက္ခတွေသာ ပိုပြီး ရှည်လျားစေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထောက်ပြထားတာပါ။

တော်လှန်ရေး EAOs ၆ ဖွဲ့အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ပေါ်စေရေးရဲ့ လမ်းစဖြစ်တဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်မှုမရှိစေရေးနဲ့ ပဋိပက္ခအတွင်း မတရား ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိရေးအတွက် တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်ရေးဆွဲနိုင်ဖို့ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အတူတကွ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ် ထူထောင်နိုင်တဲ့အထိ သံန္နိဌာန်ချ တစိုက်မတ်မတ် တိုက်ပွဲဝင်နေမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI/EAOs

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.