မေတ္တာ၊ ဇူလိုင် ၂၂
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသ မေတ္တာမြို့မှာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီး ပစ်ခတ်မှုကြောင့် ယာဉ်မောင်းအပါအဝင် ခရီးသွားနှစ်ဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
မနေ့ ဇူလိုင် ၂၁ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ မေတ္တာစခန်းက လက်နက်ကြီး ပစ်ခတ်ရာကနေ မေတ္တာမြို့ ဟိန္ဒူးချောင်းကျေးရွာ တံတားအနီးရောက်ရှိတဲ့ ကားတစ်စီးအပေါ် ကျရောက်ပေါက်ကွဲခဲ့တာ ဖြစ်ပါတယ်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ယာဉ်မောင်းသူအမျိုးသား အသက် ၃၉ နှစ်အရွယ် ဦးရန်နိုင်နဲ့ ခရီးသည်အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့ပြီး ခရီးသည် ငါးဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ အဲဒီနေ့က မေတ္တာမြို့ ဟိန္ဒူးချောင်းကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်နက်ကြီးကျလို့ ထိခိုက်သေဆုံးဒဏ်ရာရခဲ့တဲ့ ဒေသခံတွေဟာ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ မေတ္တာမြို့ဒေသခံတွေ ဖြစ်တယ်လို့ သိရပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ လက်ရှိအချိန်ထိ တစ်စုံတစ်ရာ တုံ့ပြန်တာ မတွေ့ရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

