ဒူဘိုင်း၊ ဇွန် ၁၉

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အီရန်ကို ခြွင်းချက်မရှိ လက်နက်ချဖို့ တိုက်တွန်းမှုကို အီရန် ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက ဇွန်၁၈ ရက်က တုံ့ပြန်ရာမှာ အမေရိကန်က မိမိတို့ကို တိုက်ခိုက်လာရင် ပြန်ပြင်မရနိုင်တဲ့ ပြင်းထန်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်လာမယ်လို့ သတိပေးလိုက်ပါတယ်။

အီရန်ကို တိုက်ခိုက်မယ့် အစီအစဉ်ကို ထရန့်က သဘောတူခွင့်ပြုထားပြီး ဖြစ်ပေမယ့် အပြီးသတ် မဆုံးဖြတ်ရသေးဘူးလို့ အမေရိကန် သတင်းဌာန CBS က ဖော်ပြပါတယ်။

အီရန်က သူတို့ရဲ့ နျူကလီးယားစီမံကိန်းကို စွန့်လွှတ်မယ်ဆိုရင် တိုက်ခိုက်မယ့် အစီအစဉ်ကို ရုတ်သိမ်းဖို့ အမေရိကန်သမ္မတက ဆုံးဖြတ်ထားတယ်လို့ ထောက်လှမ်းရေးအရာရှိ တစ်ဦးကို ကိုးကားပြီး အဲဒီ သတင်းဌာနက ဖော်ပြပါတယ်။

အီရန်က ခြိမ်းခြောက်မှုတွေကို ကောင်းကောင်း တုံ့ပြန်မှု မရှိဘူးလို့ ခေါင်းဆောင် ခါမေနီက ပြောကြားပြီး မိမိတို့အနေနဲ့ အတင်းအကြပ် ငြိမ်းချမ်းရေး ယူခိုင်းတာ ဒါမှမဟုတ် စစ်ပွဲ ဆင်နွှဲတာမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အစ္စရေးက အီရန်ကို တိုက်ခိုက်နေမှု တရားမဝင်ဘူးလို့ ရုရှားက ပြောထားပြီး အစ္စရေးက အီရန်ကို တိုက်ခိုက်နေတာဟာ လူသားမျိုးနွယ်အပေါ်ရာဇဝတ်မှု ကျူးလွန်နေတာ ဖြစ်တယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။

လက်နက်ချဖို့ ထရန့် ရာဇသံပေးတာကို လက်မခံနိုင်ဘူးလို့ ခါမေနီက ပြန်လည် တုံ့ပြန်ပါတယ်။

အမေရိကန်နဲ့ တိုက်ရိုက်မဟုတ်တဲ့ ညှိနှိုင်းမှုတွေ လုပ်နေချိန်မှာ အစ္စရေးက မိမိတို့ကို မလိုမုန်းထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့လည်း ခါမေနီက ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယား တည်နေရာကို အစ္စရေးရဲ့ တိုက်ခိုက်မှုတွေမှာ အမေရိကန် ပါဝင်ဖို့ စဉ်းစားနေတယ်လို့လည်း သတင်းထွက်နေပါတယ်။

အီရန်ရဲ့ နျူကလီးယား စက်ရုံတွေထဲမှာ အစ္စရေး တိုက်ခိုက်မှုကြောင့် မပျက်စီးနိုင်တဲ့ မြေအောက်စက်ရုံ နေရာတစ်ခုကို အမေရိကန်ကပဲ တိုက်ခိုက်ဖျက်စီးနိုင်လိမ့်မယ်လို့ စစ်ရေးလေ့လာသူတွေက ပြောထား ပါတယ်။

ဒီအတောအတွင်း အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန် နျူကလီးယား တည်နေရာ နှစ်ခု ပျက်စီးသွားတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည်ရေး အဖွဲ့က ပြောထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.