မော်လမြိုင် ၊ ဇွန် ၇
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေကြောင့် နိုင်ငံတဝန်းရှိ မဲဆန္ဒနယ် ၃၃၀ ရှိတဲ့ထဲက တိုင်းနဲ့ ပြည်နယ်အားလုံးမှာ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးပါတီတွေက ခန့်မှန်းပြောဆိုနေကြပါတယ်။
ဒီနှစ်ကုန်ပိုင်းမှာ စစ်ကောင်စီက ရွေးကောက်ပွဲကျင်းပဖို့ ကြေညာထားပြီး လိုအပ်တဲ့ အသုံးစရိတ်တွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လေးပုံတစ်ပုံလောက်သာ ခွင့်ပြုပေးထားတယ်လို့ နိုင်ငံရေးပါတီတွေက ဆိုပါတယ်။
ဒါကြောင့် မြို့နယ်အနေနဲ့ မဲဆန္ဒနယ် ၃၃၀ ရှိတဲ့ထဲက လေးပုံတစ်ပုံမှာ တနည်းအားဖြင့် မြို့နယ် ၈၀ ကျော်သာ ကျင်းပနိုင်တဲ့အခြေအနေမို့ တိုင်းနဲ့ပြည်နယ်အားလုံး မဖြစ်နိုင်တဲ့ အခြေအနေပါ။
ဒါပေမယ့် ဘယ်လောက်ပမာဏအထိ ကော်မရှင်က တောင်းခံပြီး စစ်ကောင်စီက ဘယ်အတိုင်းအတာထိ ခွင့်ပြုပေးခဲ့လဲဆိုတာကိုတော့ နိုင်ငံရေးပါတီတွေဘက်က မသိရှိသလို ညွန်ကြားချက်လည်း မထွက်လာသေးဘူးလို့ ဆိုပါတယ်။
မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက အခြေအနေအရ အစိုးရဖွဲ့နိုင်လောက်တဲ့ မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံတစ်ပုံတောင် မသေချာတဲ့အတွက် တိုင်းနဲ့ပြည်နယ်အားလုံး ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
“လက်ရှိအခြေအနေအရ အစိုးရဖွဲ့နိုင်လောက်တဲ့ လေးပုံတစ်ပုံတောင်မှ ဖြစ်ချင်မှ ဖြစ်မယ်ထင်တယ်။ ဒါပေမယ့် UEC က ထွက်လာတဲ့ ညွန်ကြားချက်မှ သိရမှာပေါ့။ အခုလောလောဆယ်ကတော့ ကျွန်တော်တို့ ခန့်မှန်းတာလည်း အဲဒီလောက်ပဲ ဖြစ်နိုင်တယ်လို့ ယူဆတယ်လေ။မဲဆန္ဒရှင် ဧရိယာရဲ့ လေးပုံတစ်ပုံပေါ့၊ တချို့ တော်တော်များများ မှန်းကြတာတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခု လုံးတောင်မှ အကုန်လုံး မဖြစ်နိုင်ဘူး။ ရွေးကောက်ပွဲကော်မရှင်က ထွက်လာတဲ့ဟာမှ သိရမှာပေါ့။ ဒါပေမယ့် အခုက ဘာမှ တိတိကျကျ မသိရသေးဘူးလေ” လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ မြို့ပေါင်း ၉၀ ကျော်ကို အလုံးစုံလက်လွှတ်ထားရသလို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲတွေလည်း နိုင်ငံအနှံ့ ဆက်ရှိနေတဲ့အတွက် စစ်ရေးပဋိပက္ခဖြစ်စဉ် မဖြစ်ပွားတဲ့ မြို့နယ်ဟာ ၉၀ လောက်သာ ကျန်ရှိတော့တာပါ။
ဒါကြောင့် မြို့နယ်ပေါင်း ၄၅ ခုရှိတဲ့ ရန်ကုန်တိုင်းမှာ ရွေးကောက်ပွဲကို ရာနှုန်းပြည့် ကျင်းပလာနိုင်သလို ကျန်တဲ့ တိုင်းဒေသကြီးတွေမှာတော့ တည်ငြိမ်မှုရှိတဲ့ မြို့နယ်နဲ့ မြို့ပေါ်တချို့မှာသာ ကျင်းပနိုင်မယ်လို့ လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
တိုင်းရင်းသားဒေသတွေထဲမှာ စစ်ကောင်စီအတွက် မြို့နယ်သုံးခုသာ ကျန်ရှိတော့တဲ့ ရခိုင်ပြည်နယ်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်သလို ကချင်၊ချင်းနဲ့ ကရင်နီက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာလည်း အလားတူပါ။
နယ်မြေများစွာ ဆုံးရှုံးထားတဲ့ ရှမ်းမြောက်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ရေး တရုတ်အစိုးရကနေတဆင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးလာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။
ကရင်ပြည်နယ်မှာလည်း လုံခြုံရေးအရ နှစ်မြို့နယ်လောက်သာ ကျင်းပနိုင်ပြီး မွန်ပြည်နယ်မှာတော့ ရေးမြို့နယ်နဲ့ သထုံခရိုင်ကလွဲရင် ကျန်တဲ့ မြို့နယ်တွေမှာ ရွေးကောက်ပွဲကျင်းပနိုင်တယ်လို့ လေ့လာသူတွေက ခန့်မှန်းပြောဆိုကြပါတယ်။
မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ရေးတောင်ပိုင်းမှာ လုံခြုံရေးယူပြီး ရွေးကောက်ပွဲ လုပ်လာနိုင်သလို တချို့နေရာတွေမှာ ရွေ့လျားပုံစံနဲ့ ကြိုတင်မဲတွေ လုပ်နိုင်တယ်လို့ ထောက်ပြပါတယ်။
“စစ်အုပ်စုက ရွေးကောက်ပွဲကို မွန်မှာ လုပ်လာနိုင်ခြေတော့ အများကြီးရှိတယ်။ဘာလို့ဆို ၁၀ မြို့နယ်ထဲမှာ ပြန်ကြည့်မယ်ဆိုရင် ရေးမြို့နယ် တောင်ပိုင်းလောက်မှာပဲ သတိထားပြီးတော့ သေသေချာချာ လုံခြုံရေးယူပြီး လုပ်ရလိမ့်မယ်။ ပြီးတော့ သထုံခရိုင် (ကျိုက်ထို၊ ဘီးလင်း၊ သထုံ) KNU တပ်မဟာ ၁ ၊ တပ်မဟာ ၃ တချို့နေရာတွေမှာ သူတို့ လုပ်နိုင်ခြေ သိပ်တော့ ရှိမယ်မထင်ဘူး။ဒါပေမယ့်လည်း Mobile (ရွေ့လျား) ပုံစံတွေ ကြိုတင်မဲပုံစံတွေနဲ့ လုပ်ချင်လုပ်လိမ့်မယ်လို့ ကျွန်တော် ထင်တယ်”လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေး နယ်မြေရှင်းလင်းရေးတွေကို ပိုက်စိပ်တိုက် လုပ်လာနေသလို ရေးနဲ့ သံဖြူဇရပ်မြို့နယ်မှာ စစ်ကောင်စီ အင်အားဖြည့်တင်းထားပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားတွေလည်း လုပ်ဆောင်ပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲကို တရုတ်နဲ့ ရုရှားနိုင်ငံ့ခေါင်းဆောင်တွေအပါအဝင် မိတ်ဘက်နိုင်ငံတချို့ရဲ့ ထောက်ခံအားပေးမှုကို ရရှိထားပြီး လိုအပ်တဲ့ အကူအညီတွေလည်း ပေးသွားဖို့ ရှိနေတာပါ။
ဒီအခြေနေမှာ ရွေးကောက်ပွဲကို အခုနှစ်အတွင်း မဖြစ်မနေ ကျင်းပနိုင်ရေး ပြင်ဆင်နေပြီး ဒေသအလိုက် တည်ငြိမ်မှုရှိဖို့ လိုအပ်တဲ့အတွက် ဇွန်လကုန်အထိ အပစ်ခတ်ရပ်စဲရေး သက်တမ်းတိုးမြှင့်ထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။
လောလောဆယ်မှာ စစ်ကောင်စီက ဒီဇင်ဘာတတိယအပတ်ကနေ နောက်နှစ် ဇန်နဝါရီ ဒုတိယအပတ်အတွင်း ရွေးကောက်ပွဲ ကျင်းပမယ်လို့သာ အသိပေးထားပြီး မဲဆန္ဒနယ်မြေသတ်မှတ်မှုကိုတော့ မကြေညာရသေးပါဘူး။
ရွေးကောက်ပွဲအသုံးစရိတ်ကလည်း လေးပုံတစ်ပုံသာ ချပေးထားတဲ့အတွက် အသုံးပြုမယ့် အီလက်ထရောနစ်မဲပေးစက်တွေ လုံလောက်မှု ရှိမှာ မဟုတ်ဘူးလို့ နိုင်ငံရေးပါတီတွေက ထောက်ပြပါတယ်။
တစ်ဘက်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အခြေစိုက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကို ဥက္ကဌအဆင့်အထိ အသစ်ဖွဲ့စည်းတာမျိုး မရှိသေးသလို ရွေးကောက်ပွဲဆိုင်ရာဥပဒေတွေ နည်းဥပဒေတွေလည်း မပြဌာန်းရသေးပါဘူး။
ရွေးကောက်ပွဲကော်မရှင်ကနေ တည်ဆဲနိုင်ငံရေးပါတီအဖြစ် ၅၄ ပါတီကို ခွင့်ပြုပေးထားပြီး ၉ ပါတီဟာ ပြည်ထောင်စုအဆင့် စည်းရုံးမှာဖြစ်ကာ ကျန် ၄၅ ပါတီကတော့ တိုင်း ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးကြမှာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

