ဘန်ကောက်၊ ဒီဇင်ဘာ ၁၀

စစ်ကောင်စီဆီကနေ ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ စောင့်ဆိုင်းနေရတာကြောင့် မြန်မာနိုင်ငံမှာ ဖမ်းဆီးခံနေရတဲ့ ရေလုပ်သားတွေရဲ့ ကံကြမ္မာ မသေချာ မရေရာ ဖြစ်နေတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ရနောင်မြို့အနီး ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် အဲဒီ ရေလုပ်သားတွေ လွတ်မြောက်နိုင်ဖို့ ဒေသဆိုင်ရာ အရာရှိတွေမှာ လုပ်ပိုင်ခွင့် အာဏာမရှိဘူးလို့ ဆိုပါတယ်။

အဲဒီ ရေလုပ်သားများ လွတ်မြောက်နိုင်ဖို့ ညှိနှိုင်းမှုတွေ လုပ်ဆောင်နေကြောင်း ထိုင်း ကာကွယ်ရေးဝန်ကြီး ဝီချာယာချိုင်က ဒီဇင်ဘာ ၉ ရက်က အတည်ပြု ပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ဖမ်းဆီးခံထားသူတွေဆီ ထိုင်းအရာရှိတွေ သွားရောက် တွေ့ဆုံနိုင်ဖို့ တရားဝင် တောင်းဆိုထားပေမယ့် လုပ်ထုံးလုပ်နည်းတွေနဲ့ တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ လိုအပ်တယ်လို့ ဝန်ကြီး ဝီချာယာချိုင်က ပြောပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မြို့ ကော်မတီနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်မယ်လို့ မျှော်လင့်ထားကြောင်း ထိုင်း မီဒီယာတွေက ဖော်ပြထားပါတယ်။

မြန်မာကိုယ်စားလှယ်တွေက ဆုံးဖြတ်ချက်ဟာ ဗဟိုဆီက လာရမှာ ဖြစ်တယ်လို့ ပြောထားတာကြောင့် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးတို့က မြန်မာ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

လက်ရှိ သံတမန်ရေးအရ ကြိုးပမ်းမှု ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတာကြောင့် မိမိတို့ အနေနဲ့ စောင့်ရုံပဲ ရှိတယ်လို့ ဝန်ကြီး ဝီချာယာချိုင်က ပြောပါတယ်။

မြန်မာနိုင်ငံသား ၂၇ ယောက်နဲ့အတူ ထိုင်းနိုင်ငံသား လေးဦး လိုက်ပါလာတဲ့ ငါးဖမ်းလှေကို စစ်ကောင်စီ ရေတပ်က ရေပြင်ပိုင်နက် ကျူးကျော်တယ်ဆိုပြီး ပစ်ခတ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်ရပ် ဖြစ်ပွားပြီး ချက်ချင်းဆိုသလို ထိုင်းဝန်ကြီးချုပ် ပေသွန်ထန်က ဖမ်းဆီးထားတဲ့ ထိုင်းနိုင်ငံသားတွေကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီနောက် စစ်တပ်က ထိုင်းနိုင်ငံသားတွေကို ပြန်လွှတ်ပေးလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာပြီးနောက် ထိုင်းအစိုးရက အခုလိုမျိုး တရားဝင် အသိပေးလိုက်တာ ဖြစ်ပါတယ်။

Ref:TheThaiger

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.