ဝါရှင်တန်၊ ဒီဇင်ဘာ ၁၀

ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ အင်အား ပြန်လည်တည်ဆောက်ဖို့ အခုအချိန်ကာလကို အသုံးချလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က သတိပေးလိုက်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ဖိအားကြောင့် ဆီရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ် မော်စကိုမြို့ကို ထွက်ပြေးသွားခဲ့ရပြီးနောက် တော်လှန်ရေးခေါင်းဆောင်တွေက အားလုံး ပါဝင်တဲ့ အုပ်ချုပ်မှုစနစ် တည်ထောင်မယ်လို့ ပြောဆိုထားပါတယ်။

ဆီးရီးယားမှာ အိုင်အက်စ်အဖွဲ့ အင်အား ပြန်လည်တည်ဆောက်ရေး ကြိုးပမ်းမှုကို အမေရိကန်က ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဝန်ကြီး ဘလင်ကန်က ပြောဆိုထားတာပါ။

ဆီးရီးယား ပြည်သူတွေအနေနဲ့ သူတို့ရဲ့ အနာဂတ်ကို ကိုယ်တိုင် ရွေးချယ်ကြရမှာဖြစ်ပြီး တော်လှန်ရေးခေါင်းဆောင်တွေ အနေနဲ့ အပြောထက် အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ဝန်ကြီး ဘလင်ကန်က ဆိုပါတယ်။

ဒီမိုကရေစီလိုလားတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ဆီးရီးယား အစိုးရက အကြမ်းဖက် နှိမ်နှင်းရာက ပြည်တွင်းစစ် စတင်ခဲ့ပြီး သမ္မတ အာဆတ်ကို ရုရှားနဲ့ အီရန်တို့က ထောက်ပံ့ ကူညီပေးခဲ့ကြပါတယ်။

သမ္မတ အာဆတ် မိသားစုရဲ့ နှစ်ပေါင်း ၅၀ ကျော်ကြာ အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှု အဆုံးသတ်အဖြစ် တော်လှန်ရေးတပ်တွေက အလျင်အမြန် ထိုးစစ်ဆင်ပြီး မြို့တော် ဒမတ်စကတ်ကို သိမ်းယူခဲ့ကြပါတယ်။

အီရန်၊ ဟစ်ဇဘိုလာနဲ့ ရုရှားထက် မပိုတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ အစိုးရတစ်ရပ် ပြိုလဲသွားပြီဖြစ်တဲ့ အခြေအနေကို အိုင်အက်စ်အဖွဲ့က အသုံးချပြီး အင်အား ပြန်လည်တည်ဆောက်လာနိုင်တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောကြားထားပါတယ်။

၂၀၁၄ ခုနှစ် အတွင်း အိုင်အက်စ်အဖွဲ့ဟာ ဆီးရီးယားနဲ့ အီရတ်ရှိ နယ်မြေ အများအပြားကို သိမ်းပိုက်ထားခဲ့ပြီး အစ္စလာမ်မစ်နိုင်ငံတော် ထူထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။

၂၀၁၉ ခုနှစ်မှာ အမေရိကန် ဦးဆောင်တဲ့ ညွှန့်ပေါင်းအဖွဲ့က အိုင်အက်စ်ကို ချေမှုန်းခဲ့ပြီးနောက် သူတို့ရဲ့ အဖွဲ့ဟာ လက်ကျန် အစုအဖွဲ့လေးတွေ အဖြစ် ဆက်ရှိနေသေးတယ်လို့ သိရပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.