သထုံ၊ ဇွန် ၆
မွန်ပြည်နယ် ဘီးလင်းမြို့နယ်နဲ့ သထုံမြို့နယ်ထဲကို အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဘုန်းကြီးကျောင်းအပါအဝင်နေအိမ် ၁၂ လုံး ပျက် စီးခဲ့တယ်လို့ KNU ဗဟို က ဇွန် ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁ ရက်နေ့မှာ စစ်ကောင်စီတပ်ကနေ ဘီးလင်းမြို့နယ် ရွှေရောင်ပြကျေးရွာထဲကို တိုက် ပွဲမရှိဘဲ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရသလို အမှတ် ၃၁၀ အမြောက်တပ်ကနေ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရွှေရောင်ပြကျေးရွာက နေအိမ် ၁၀ လုံး ပျက်စီးခဲ့ပြီး အရပ်သားပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေတဲ့အတွက် လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ သိရပါတယ်။
ဇွန် ၃ ရက်နေ့ကလည်း သထုံအခြေစိုက် အမှတ် ၉ ခြေမြန်တပ်ရင်းကနေ ရေဝေကျေးရွာထဲ လက် နက်ကြီး ပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာဘုန်းကြီးကျောင်းအတွင်းရှိ ဘာသာရေးအဆောက်အဦး ၂ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခဲ့တဲ့ ရွှေရောင်ပြကျေးရွာနဲ့ ရေဝေကျေးရွာတို့ဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေက ကျေးရွာတွေ ဖြစ်ပြီး ကရင်လူမျိုးအများဆုံးနေထိုင်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေ ၂၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် တောင်သူဌေးကုန်းကျေးရွာထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သ လို နေအိမ် ၁၀ လုံး ပျက်စီးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

