မိုးကောင်းတံတား ဖောက်ခွဲခံရလို့ မွန်ပြည်နယ်မှာ စက်သုံးဆီပြတ်၊ ပဲအဝယ်ရပ်

0
46

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၉

မွန်ပြည်နယ် သထုံမြို့နယ်ရှိ မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံရပြီးနောက် မြို့နယ်အများစုမှာ စိုးရိမ်ပူပန်မှုတွေနဲ့အတူ စက်သုံးဆီအလုအယက် ဝယ်ယူမှုတွေကြောင့် ဆီပြတ်လပ်မှု ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာရှိတဲ့ မိုးကောင်းတံတားဟာ ဖေဖော်ဝါရီ ၂၈ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ ဖောက်ခွဲဖျက်ဆီးခံရတာကြောင့် တံတားတစ်စင်းလုံး ပြိုကျပျက်စီးပြီးနောက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တာပါ။

တံတားပြိုကျပျက်စီးမှုကြောင့် မော်လမြိုင်အပါအဝင်မြို့နယ်အများစုရဲ့ စက်သုံးဆီဆိုင်တွေမှာ စက်သုံးဆီတွေ အလုအယက်ဝယ်ယူမှုတွေကြောင့် ဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေသလို နာရီနဲ့ချီ တန်းစီစောင့်ဆိုင်း ဝယ်ယူရတဲ့အခြေအနေနဲ့ ထပ်မံကြုံတွေ့နေရတာပါ။

စက်သုံးဆီပြတ်လပ်နေတဲ့အတွက် စက်သုံးဆီအရောင်းဆိုင်တွေကနေ ဆိုင်ကယ်တစ်စီးလျှင် ကျပ် ၅၀၀၀ ဖိုး၊ သုံးဘီးတစ်စီး ကျပ် ၁၀၀၀၀ ဖိုး၊ ကားတစ်စီး ကျပ် ၃၀၀၀၀ ဖိုး အကန့်အသတ်နဲ့ ရောင်းချပေးနေတယ်လို့ သိရပါတယ်။

“တံတားကိစ္စကြောင့် ဆီကားလာလို့မရတဲ့အတွက် မြို့ထဲမှာရှိတဲ့ဆီဆိုင်တွေက ဆီတွေကိုဝယ်နေတယ်ပေါ့။ နေ့လည်၁၁နာရီလောက်မှာ Denkoမှာထည့်တော့ ဆီကုန်သွားပြီပြောတယ်။ ကားတစ်စီးကတော့ ၉၂ပဲရမယ်။ သုံးသောင်းဖိုးရောင်းပေးတယ်။ ဆိုင်ကယ်ကတော့ ၅၀၀၀ ပဲရမယ်” လို့ မော်လမြိုင်ဒေသခံတစ်ဦးကတော့ ဆီဝယ်ရတဲ့အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

စက်သုံးဆီပြတ်လပ်မှုကို မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ပေါင်နဲ့ သထုံမြို့နယ်နေရာတချို့မှာ ဆီပြတ်လပ်မှု ဆိုးဆိုးဝါးဝါး ထပ်မံဖြစ်ပေါ်နေတာပါ။

မိုးကောင်းတံတား ဖောက်ခွဲခံရပြီးနောက် ဆီတင်ကားတွေအပါအဝင် ကုန်တင်ကားတွေဟာ ဘီးလင်းမြို့အဝင်မှာ ပိတ်ဆို့မှုဖြစ်ပေါ်နေပြီး အိမ်စီးကားတွေနဲ့ ယာဉ်အငယ်တွေကတော့ မိုးကောင်းကျေးရွာပတ်လမ်းကနေ သွားလာတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မိုးကောင်းတံတား ဖောက်ခွဲခံရမှုနဲ့အတူ ကုန်တင်ကားတွေ လာလို့မရတဲ့အတွက် မွန်ပြည်နယ် ပဲဈေးကွက်မှာ ပဲအဝယ်ရပ်နားထားတယ်လို့ ပဲကုန်သည်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနေ့ကျွန်တော်တို့ ခဏလေးကားတွေတန်းစီရတယ်။ တန်းနေရတဲ့အခါကျတော့ ပဲခဏလေးအဝယ်ရပ်ထားတယ်။ နှစ်ရက်လောက်ပေါ့နော်။ ကျွန်တော်တို့ဂိုထောင်မှာလည်း အဝင်များတော့ထားမယ့်နေရာ မရှိဘူးလေ” လို့ ဆိုပါတယ်။

မိုးကောင်းတံတား ပြိုကျပျက်စီးမှုကြောင့် လက်ရှိမှာတော့ စစ်ကောင်စီဘက်က ယာယီဘေလီတံ တားထိုးဖို့ ပြင်ဆင်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

မိုးကောင်းတံတား ဖောက်ခွဲဖျက်ဆီးခံရတဲ့ဖြစ်စဉ်အတွင်း နေအိမ် ၂ လုံး၊ ဈေးဆိုင်ခန်း ၂ ခု ထိခိုက်ပျက်စီးခဲ့သလို အရပ်သားပြည်သူတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြော ဆိုပါတယ်။

မိုးကောင်းတံတားပျက်စီးမှုနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကမှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပေမယ့် စစ်တပ်လော်ဘီတွေကတော့ တော်လှန်ရေးအင်အားစုတွေ လုပ်ဆောင်တာလို့ ဝါဒဖြန့်တာတွေ ရှိနေပါတယ်။

ပြိုကျပျက်စီးသွားတဲ့ မိုးကောင်းတံတားဟာ သထုံနဲ့ဘီးလင်းမြို့နယ်ကို ဆက်သွယ်ထားတဲ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီး ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ တံတားတစ်စင်းလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.