ချင်းလုံ၊ ဖေဖော်ဝါရီ ၂
ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြှောက်ထားတဲ့ ချင်းပြည်အစိုးရအဖွဲ့၊ ချင်းပြည်တရားလွှတ်တော်ချုပ်နဲ့ စာရင်းစစ်ချုပ်တို့အဖြစ် ခန့်အပ်ရတဲ့လူပုဂ္ဂိုလ်တွေ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြတယ်လို့ ချင်းပြည်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ချင်းပြည်လွှတ်တော်အပါအဝင် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးစတဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းလိုက်ကြောင်း စစ်တပ် အာဏာသိမ်း သုံးနှစ်ပြည့်ဖြစ်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ချင်းပြည်ကောင်စီက ကြေညာခဲ့တာပါ။
ချင်းပြည်အစိုးရအဖွဲ့မှာ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီး ၁၄ ဦး၊ ရှေ့နေချုပ် တစ်ဦး ပါဝင်ပြီး နိုင်ငံရေးဝန်ကြီးဌာနအပါအဝင် ဝန်ကြီးဌာန ၁၄ ခုနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။
ချင်းပြည်အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့က ချင်းပြည်နယ် ချင်းလုံမြို့မှာ ပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် ချင်းပြည်ကောင်စီရဲ့ အစည်းအဝေးအတွင်း အတည်ပြုခန့်နိုင်ခဲ့ပါတယ်။
ချင်းပြည်အစိုးရအဖွဲ့အနေနဲ့ ချင်းပြည်ကောင်စီက ချမှတ်ထားတဲ့ ရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာနဲ့ နည်းဗျူဟာတွေကို အကောင်အထည်ဖော်ရာမှာ အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားတပ်မတော် တည်ဆောက်ရေးအတွက် ချင်းပြည်သူလူထု တစ်ရပ်လုံးနဲ့ လက်တွဲဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရာမှာ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ အစိုးရအဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေအပါအဝင် လူပုဂ္ဂိုလ်တွေနဲ့ လက်တွဲသွားမယ်လို့ ချင်းပြည်ကောင်စီက ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Chinland Council

