ရခိုင်မှာ အပစ်ခတ်ရပ်စဲဖို့ တရုတ်ကြိုးပမ်းမှု အလုပ်ဖြစ်နိုင်လား

0
89

စစ်တွေ၊ ဇန်နဝါရီ ၃၁

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA တို့ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ အပစ် ခတ်ရပ်စဲရေးဖြစ်လာဖို့ တရုတ်နိုင်ငံကကြားဝင်ပြီး တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဇန်နဝါရီ ၂၈ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးကိစ္စနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်သံအမတ် Yao Wen နဲ့ ဆွေး နွေးခဲ့တာပါ။

အဲဒီဆွေးနွေးမှုအပြီး တရုတ်အသံအမတ်က ရခိုင်ပြည်နယ်မှာ အပစ်ခတ်ရပ်စဲသွားရင် ရိုဟင်ဂျာတွေ နေရပ်ပြန်ဖို့ လမ်းကြောင်းပွင့်သွားမယ်လို့ သတင်းမီဒီယာတွေကို ပြောဆိုခဲ့တာဖြစ်ပါတယ်။

ရက္ခိုင့်တပ်တော် AA ပြောခွင့်ရ ဦးခိုင်သုခက ရခိုင်မှာအပစ်ခတ်ရပ်စဲဖို့ တရုတ်အစိုးရက သက်ဆိုင်သူတွေနဲ့ ဆွေးနွေးနေတဲ့ကိစ္စအပေါ် ဘာသတင်းမှ ရောက်လာတာမရှိသေးဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ခင်ဗျားပြောတဲ့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျွန်တော့်ဆီကို ဘာသတင်းမှရောက်လာတာ မရှိသေးဗျ။ ရခိုင်ပြည်မှာတော့ လက်နက်ချအညံ့မခံဘဲ ကျွန်တော်တို့ ပြည်သူတွေအပေါ် နှစ်ရှည်လများဒုက္ခပေးနေတဲ့ ရန်သူ့စစ်စခန်းတွေကို ရက္ခိုင့်တပ်တော်က ဆက်လက်ပြီးတော့ ချေမှုန်းတိုက်ခိုက်လျက်ရှိတယ်ဗျ။ အထူးသဖြင့် မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲနဲ့ အမ်းမြို့နယ်ဘက်တွေမှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်လျက်ရှိတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် အရေးမလှဖြစ်လာပြီးနောက်ပိုင်း တရုတ်အကူအညီယူပြီး ရှမ်းမြောက်မှာ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ အပစ်ခတ်ရပ်စဲဖို့ တွေ့ဆုံဆွေးနွေးမှုတွေ တတိယကြိမ်အထိ ပြုလုပ်ခဲ့တာပါ။

တတိယကြိမ်ဆွေးနွေးမှုကနေ ရှမ်းမြောက်က မြန်မာနယ်စပ်ဒေသရှိ တရုတ်နိုင်ငံသားတွေနဲ့ နိုင်ငံတွင်းမှာရှိနေတဲ့ တရုတ်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုံခြုံရေးအပေါ် မထိခိုက်၊ မဖျက်ဆီးကြဖို့ နှစ်ဘက်စလုံးက အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

ဒါကြောင့် တရုတ်အနေနဲ့ ရှမ်းမြောက်နည်းတူ ရခိုင်မှာလည်း ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းတွေရှိနေတာကြောင့် ရခိုင်ဒေသမှာ အပစ်ခတ်ရပ်စဲရေးဖြစ်လာဖို့ ကြိုးပမ်းလာနိုင်တယ်လို့ ထောက်ပြမှုတွေလည်း ရှိနေတာပါ။

တရုတ်အရေးကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇော်က အရှုံးကြီးရှုံးနေတဲ့ စစ်တပ်အနေနဲ့ ရခိုင်မှာ အပစ်ခတ်ရပ်စဲဖို့ လိုချင်တာဖြစ်တဲ့အတွက် တရုတ်ကနှစ်ဘက်အဖွဲ့တွေ နိုင်ငံရေးစကားပြောနိုင်အောင် ကြိုးစားနေပုံရတယ်လို့ သုံးသပ်ပါတယ်။

“AA က ရထားတဲ့နေရာတွေလည်း တော်တော်သင့်သင့်တင်းတင်း ရှိနေပြီဖြစ်တာကိုး။ မြောက်ပိုင်းကလိုမျိုး ဖြစ်မှာပေါ့။ အပစ်ခတ်ယာယီရပ်စဲတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်ထင်တယ်။ အပစ်ခတ်ရပ်စဲပြီး ခဏတဖြုတ် စစ်တပ်ဘက်ကလည်း လိုချင်တယ်ထင်တယ်။ ဘာလို့ဆို သူတို့ဘက်က အရှုံးကြီးရှုံးတာကိုး၊ ဆက်တိုက်လည်း သူတို့ရှုံးဖို့ပဲရှိတာ။ ကြည့်ရတာ တရုတ်က ငြိမ်းချမ်းရေး စားပွဲ၊ နိုင်ငံရေးစကားပြောပွဲဖြစ်အောင် ကြိုးစားနေပုံရတယ်ဗျ။ အဲဒီအတွက် အပစ်ခတ်ရပ်စဲတာလည်း ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်”လို့ ဆိုပါတယ်။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးမှာ ညီနောင်မဟာမိတ်အဖွဲ့ဝင် ကိုးကန့်အဖွဲ့ MNDAA ၊ တအာင်းအဖွဲ့ TNLA တို့နဲ့အတူ ပါဝင်တိုက်ခိုက်ရာကနေ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ရခိုင်မှာစစ်မျက်နှာဖွင့်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီကနေစပြီး ဒီကနေ့အထိ ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတပ်တို့ကြား ရခိုင်ဒေသမှာ တိုက် ပွဲတွေ ဆက်တိုက်ပြင်းထန်ခဲ့ပြီး ဇန်နဝါရီ ဒုတိယပတ်နဲ့ တတိယပတ်အတွင်း ပလက်ဝနဲ့ ပေါက်တောမြို့တို့ကို AA က သိမ်းပိုက်ရရှိထားတာပါ။

ရက္ခိုင့်တပ်တော်အနေနဲ့ စစ်ကောင်စီရဲ့မင်းပြားအခြေစိုက် တပ်ရင်း (၃) ခုအနက်ကျန်ရှိနေသေးတဲ့ ခမရ တပ်ရင်းနှစ်ရင်းထဲက ခမရ (၃၇၉)ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ဖို့ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်မှာ တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေအပြင် အရပ်သားတွေနေထိုင်တဲ့ မြို့၊ ရပ်ရွာတွေကိုပါ အဓိကဦးတည်ပစ်မှတ်ထားပြီး လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လက် ပြုလုပ်နေဆဲလို့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.