ဆော်ဒီနိုင်ငံမှာ ပထမဆုံးအရက်ဆိုင် ဖွင့်လှစ်မယ်

0
62

ရီးယာ့ဒ်၊ ဇန်နဝါရီ ၂၆

ရှေးရိုးဆန်တဲ့ ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အရက်သေစာနဲ့ပတ်သက်ပြီး တင်းကြပ်တဲ့ ဥပဒေ တွေပြဌာန်းထားပေမယ့် ပထမဆုံးအကြိမ်အဖြစ် မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချခွင့်ပြုဖို့ အစိုးရကစီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AFP မှာ ဖော်ပြထားပါတယ်။

ဆော်ဒီနိုင်ငံထဲ အရက်ကိုသံတမန်ရေးလမ်းကြောင်းက တဆင့် ဒါမှမဟုတ် အလုံပိတ်ထားတဲ့ တရားဝင် အထုပ်အပိုးတွေနဲ့ တင်သွင်းရတဲ့ မွတ်စလင်မဟုတ်တဲ့ သံတမန်တွေအတွက် အရက်ရောင်းချပေးတော့မယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ရီးယာဒ့်မြို့အခြေစိုက် သံတမန်ရပ်ကွက်မှာ အရက်စတိုးဆိုင်တစ်ဆိုင် ဖွင့်လှစ်ပြီး ရောင်းချသွားမှာဖြစ်တယ်လို့ AFP က ရရှိထားတဲ့ စာရွက်စာတမ်းတွေအရလည်း သိရပါတယ်။

အရက်စတိုးဆိုင်ဖွင့်လှစ် ရောင်းချပေးမှာဖြစ်ပေမယ့် လစဉ်အချိုးကျသတ်မှတ်ထားတဲ့ ပမာဏ အတိုင်းဝယ်ယူရမှာဖြစ်သလို သံတမန်အပလီကေးရှင်းတစ်ခုကနေ မှတ်ပုံတင်ရမှာဖြစ်တယ်လို့လည်း အဲဒီစာရွက်စာတမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆော်ဒီမှာ အရက်တားမြစ်ထားတဲ့ ဥပဒေဟာ ၁၉၅၂ ခုနှစ်တည်းကဖြစ်ပြီး ဘုရင်အဗဒူလာရဲ့ သားတော်မင်းသားတွေ အရက်မူးရန်ဖြစ်ပြီး ဗြိတိန်သံတမန်တစ်ဦးကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်ပြီးနောက် ပြဌာန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ တော်ဝင်မင်းသား ဆော်လ်မန်ရဲ့ လူမှုရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု အစီအစဉ်တစ်စိတ်တစ်ပိုင်း အနေနဲ့ ဆော်ဒီမှာ အရက်ရောင်းချခွင့်ပြုတော့မယ်လို့ ကောလဟာလတွေ ထွက်ပေါ်နေတာကြာပြီဖြစ်ပါတယ်။

ဒါပေမယ့် အစိုးရက သံတမန်တွေလက်ခံရရှိတဲ့အရက်ကို တရားမဝင်ပြန်လည်ရောင်းချတာ မရှိစေဖို့အတွက် ဥပဒေကြမ်းတစ်ခုကိုလည်း ဇန်နဝါရီ ၂၄ ရက်နေ့မှာ အသက်သွင်းခဲ့တယ်လို့ သိရပါတယ်။

အရက်ဝယ်ယူခွင့်မှတ်ပုံတင်ထားသူတွေအနေနဲ့ သူတို့ရရှိလာတဲ့ အရက်တွေကို သူတို့ရဲ့ဆွေမျိုး၊ ယာဉ်မောင်းတွေ၊လက်ထောက်အရာရှိတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို ပေးခွင့်မရှိဘူးလို့ ဥပဒေကြမ်းမှာ ပါရှိပါတယ်။

အစိုးရဖွင့်လှစ်ပေးမယ့် အရက်ဆိုင်ကို အသက် ၂၁ နှစ်အောက် ဆိုင်ထဲဝင်ခွင့်ပေးမှာမဟုတ်ဘဲ အဝတ်အစားကိုလည်း အသေအချာဝတ်ဆင်ပြီးမှ ဝင်ရောက်ခွင့်ပြုမှာဖြစ်တယ်လို့ စည်းကမ်း သတ်မှတ်ထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.