ဒုံးကျည်အစားထိုး လေဆာလက်နက်ကို ဗြိတိန်စစ်တပ် စမ်းသပ်အာင်မြင်

0
60

လန်ဒန်၊  ဇန်နဝါရီ ၂၁

ဗြိတိန်စစ်တပ်က ပထမဆုံးအကြိမ်အနေနဲ့ ဝေဟင်ပစ်မှတ်တစ်ခုကို စွမ်းအာမြင့် လေဆာလက်နက်နဲ့ ပစ်ခတ်ပြီး အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

နဂါးမီးလို့အမည်ပေးထားတဲ့ လေဆာလက်နက်စမ်းသပ်မှု အောင်မြင်တာကြောင့် ဒရုန်းတွေလို ပစ်မှတ်မျိုးတွေကို ပစ်ချဖို့ သုံးတဲ့ ဒုံးကျည်တွေနေရာမှာ တန်ဖိုးနည်းလက်နက်အနေနဲ့ အသုံးပြုနိုင်ဖို့ ဗြိတိန်စစ်တပ်က မျှော်လင့်ထားတာပါ။

အဲဒီလေဆာလက်နက်ဟာ ၁ စလင်ပေါင် ဒင်္ဂါပြား တစ်ပြားကို ၁ ကီလိုမီတာ အဝေးကနေ အတိအကျပစ်ခတ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

စကော့တလန်မှာစမ်းသပ် ပစ်ခတ်မှု အောင်မြင်ခဲ့တာကြောင့် ဒီလက်နက်နည်းပညာကို အသုံးပြု နိုင်ရေး ကြီးမားတဲ့အဆင့်တစ်ခုကို ကျော်လွှားနိုင်ခဲ့ပြီဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဌာနက ဆိုထားပါတယ်။

ကာကွယ်ရေးဝန်ကြီးဂရန့်ရှပ်က ဒီနည်းပညာကြောင့် တန်ဖိုးကြီးမားတဲ့လက်နက်ခဲယမ်းတွေ အပေါ် မှီခိုနေရတာကို လျှော့ချနိုင်မှာဖြစ်သလို ပစ်မှတ်အနီးအနားထိခိုက်ပျက်စီးမှုအန္တရာယ်ကို လည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။

ဗြိတိန်စစ်တပ်နဲ့ တော်ဝင်ရေတပ်တို့က သူတို့ရဲ့ အနာဂတ်လေကြောင်းရန် ကာကွယ်ရေး တစ်စိတ်တစ်ပိုင်းအဖြစ် ဒီနည်းပညာကိုအသုံးပြုသွားမှာဖြစ်တယ် ကာကွယ်ရေးဝန်ကြီးဌာန ကပြောပါသေးတယ်။

လေဆာလက်နက်တွေဟာ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေထဲက လက်နက်တွေလို့ ထင်ကြပေမယ့် အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတွေမှာ လေဆာလက်နက်တွေ တပ်ဆင်ထားပြီး ဖြစ်တယ်လို့သိရပါတယ်။

အမေရိကန် စစ်သင်္ဘောတွေဟာ ပင်လယ်နီမှာ ဟူသီအဖွဲ့ရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ရှင်းလင်းရေး လေဆာလက်နက်ကို မသုံးသေးဘဲ ဒုံးကျည်တွေအသုံးပြုနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒုံးကျည်တွေဟာ သူ့ကြောင့် ပျက်စီးသွားတဲ့ ဒရုန်းတွေထက် ကုန်ကျစရိတ်ပိုကြီးမားနိုင်ပြီး ဒုံးကျည်တချို့ရဲ့ ထုတ်လုပ်မှုစရိတ်ဟာ ပေါင်သန်းနဲ့ချီရှိနိုင်တယ်လို့ သိရပါတယ်။

နဂါးမီးလက်နက်ကို ၁၀ မိနစ်ပစ်ခတ်တဲ့ ကုန်ကျစရိတ်ဟာ သာမာန်အပူပေးကိရိယာ တစ်နာရီ အသုံးပြုလို့ ကုန်ကျတဲ့ စရိတ်လောက်သာရှိပြီး တစ်ချက်ပစ်ပါက ကုန်ကျစရိတ် ၁၀ ပေါင်တောင် ရှိမှာမဟုတ်ဘူးလို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီလက်နက်စနစ်ဟာ ပစ်မှတ်တွေကို အလင်းတန်းနဲ့ဖြတ်တောက် ချိုးဖျက်ပစ်လိုက်ပြီး အလင်းရဲ့ အမြန်နှုန်းနဲ့ ပစ်ခတ်နိုင်တယ်လို့ သိရပြီး သိပ္ပံနဲ့နည်းပညာ စမ်းသပ်ရေး Dstl က ကာကွယ်ရေး ဝန်ကြီးဌာန ကိုယ်စားတခြားလက်တွဲဖော်တွေနဲ့ပူးပေါင်း ထူတ်လုပ်ထားတာဖြစ်ပါတယ်။

ဒီလက်နက်စနစ်ကို တီထွင်ဖို့ကာကွယ်ရေးဝန်ကြီးဌာနနဲ့ လုပ်ငန်းနယ်ပယ်ထဲရှိတဲ့ အဖွဲ့အစည်း တွေက ပေါင်သန်း ၁၀၀ ရင်းနှီးမြှုပ်နှံပေးထားတာဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.