ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားနဲ့ ဆက် သွယ်မေးမြန်းချက်

0
145

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာမျိုးကိုတော့ အလွယ်တကူ မေ့ပျောက်လို့ရတဲ့ ကိစ္စရပ်မျိုးမဟုတ်ဘူး။ ဆက်လက်ကျူးလွန်နိုင်အောင် အခွင့်အရေး ပေးသလိုဖြစ်တယ်။ ဒါကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကျွန်တော်တို့က အဆုံးသတ်ဖို့လိုပါမယ်”

ကရင်နီပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်နေ့က အသက်မပြည့် သေးတဲ့ ကလေးငယ်တွေ၊ အမျိူးသမီးတွေ၊ Save The Children ဝန်ထမ်းတွေနဲ့ အရပ်သားပြည်သူ ၄၀ ကျော် မီးရှို့သတ်ဖြတ်ခံရတာ အခုဆိုရင် နှစ်နှစ်ပြည့်မြောက်သွားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အရပ်သားပြည်သူ အမြောက် အများကို အစုံအလိုက်အပြုံအလိုက် မီးရှို့သတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စစ်ကောင်စီ တပ်မ(၆၆) လက်အောက်ခံ အမှတ်(၁၀၈) ခြေမြန်တပ်ရင်းကတော့ ပြစ်ဒဏ်ကျခံခြင်းမှ ကင်းလွတ်နေဆဲ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်အတွက် စစ်ကောင်စီတပ်ကို နိုင်ငံတကာတရားရုံးတွေမှာ တရားစွဲထားတဲ့ အခြေအနေ၊ စစ်ကောင်စီ တပ်ရဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှု၊ ကရင်နီပြည်နယ်ထဲက လူ့အခွင့်အရေးအခြေအနေတွေနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ဦးဗညားနဲ့ ဆက် သွယ်မေးမြန်းချက်။

သံလွင်တိုင်းမ် – အရင်ဆုံး အရပ်သားပြည်သူတွေ အစုံအလိုက်အပြုံအလိုက် မီးရှို့သတ်ဖြတ်ခံရတဲ့ မိုဆိုဖြစ် စဉ်ဟာ အခုဆိုရင် နှစ်နှစ်ပြည့်သွားပြီးဆိုတော့ IEC အနေနဲ့ ဘာတွေများ လုပ်ဆောင်နေတာရှိလဲ။

ဦးဗညား – ကျွန်တော်တို့ IEC  အနေနဲ့ကတော့လည်း ဒီထုတ်ပြန်ချက်လည်းထုတ်ထားပြီးသား ဖြစ်တာပေါ့နော်။ အချုပ်အဖြစ်ပြောရမယ်ဆိုရင်  ကျွန်တော်တို့အနေနဲ့ ဒီမိုဆိုကေ့စ်ကတော့ IEC မပေါ်ကတည်းက  ဖြစ်သွားတဲ့ ကေ့စ် ဖြစ်တယ်။ ဒါပေမဲ့ ဘယ်လိုပြောပြော ပြည်နယ်အုပ်ချုပ်ရေး ကောင်စီ အနေနဲ့ကတော့ ပြည်နယ်သူ ပြည် နယ်သားတွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကိုတော့ ကျွန်တော်တို့က အတတ်နိုင်ဆုံး ကာကွယ်ပေး မယ်။ အဲဒီအတွက်ကြောင့်မို့  ကာကွယ်ပေးတဲ့ နေရာမှာလည်း တရားမျှတမှုကိုလည်း ကျွန်တော်တို့ ဖော် ဆောင်မယ်။ အားလုံးအတွက်ပေါ့လေ။ အဲဒီအတွက် ကျွန်တော်တို့က ရှိနေပြီးသားကေ့စ်တွေ ဆိုပေမဲ့လည်း ဒီဟာကို ဆက်ပြီးတင်ပို့မယ်။ ပြီးရင် လူထုတွေရဲ့ ပြည်နယ်သူ ပြည်နယ်သားတွေရဲ့ တရားမျှတမှုတွေကို ကျွန်တော်တို့က စွမ်းစွမ်းတမံ စွမ်းဆောင်သွားမယ်။  တစ်ချိန်တည်းမှာပဲ  ဒီအာဏာရှင်စနစ် ပြုတ်ကျပြီးတော့မှ လူ‌ထုတွေတောင့်တတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ယန္တရား အမြန်ဆုံးဖော်ဆောင်ဖို့အတွက် ဆက်လက် ကြိုး စားသွားမယ်။

ဘာဖြစ်လို့ အဲဒါကို ဆက်တိုက်လုပ်ရလဲဆိုတော့ ကျွန်တော်တို့အနေနဲ့ တရားမျှတမှုကို ဖော်ဆောင်တဲ့နေရာမှာ  နိုင်ငံတကာအဆင့်မှာ သွားနေတဲ့ အပိုင်းတွေရှိတယ်။ တချိန်တည်းမှာပဲ ကိုယ့်ရဲ့နိုင်ငံအတွင်းထဲမှာလည်း တ ရားမျှတမှုကို ဖော်ဆောင်ဖို့ ကျွန်တော်တို့လိုတယ်။ အဲဒါကြောင့် ဒီအမြန်ဆုံး စစ်အာဏာရှင်ကျဆုံးမှုနဲ့အတူ  တရားမျှတမှုကို ကျွန်တော်တို့က ဖော်‌ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့ ပြည်နယ်မှာဖြစ်ပွားတဲ့ မည်သည့်လူ့အခွင့်အရေး ချိုးဖောက်မှုကိုမဆို တရားမျှတမှုကို ဖော်ဆောင် ဖို့အတွက် ကတိကဝတ် ပြုထားတာလည်း ရှိပါတယ် ခင်ဗျ။

သံလွင်တိုင်းမ် – မိုဆိုဖြစ်စဉ်အတွက် နိုင်ငံတကာမှာ တရားစွဲတာတွေ၊ သက်သေတွေ တင်ပြတဲ့အခြေအနေရော ဘယ်လိုရှိပါသလဲ။

ဦးဗညား – ဒီမိုဆိုcase နဲ့ ပတ်သတ်ပြီးတော့မှ ကျွန်တော်တို့ လက်လှမ်းမီသလောက်ပေါ့နော်။ ဒီဟာကလည်း အားလုံးသိတဲ့အတိုင်းပဲ။ IEC မပေါ်ခင်ကတည်းက ဖြစ်ထွန်းတဲ့ဖြစ်စဉ်ပေါ့နော်။ လောလောဆယ်အရ ပြောရ မယ်ဆိုရင်တော့ ကျွန်တော်တို့ ပြည်နယ်မှာရှိတဲ့ ဒီလူ့အခွင့်ရေး၊ ပြည်နယ်လူ့အခွင့်ရေးပေါ့နော်။ ပြည်နယ်မှာအ ခြေစိုက်တဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ကတော့ ဂျာမနီမှာ အမှုစွဲဆိုတင်ခဲ့တာရှိပါ တယ်။ ဒါကလည်း ဒီမြန်မာနိုင်ငံမှာရှိတဲ့ တခြားတခြားသော ကျွန်တော်တို့ လူ့အခွင့်အရေးအဖွဲ့အစည်းနဲ့ ပေါင်း ပြီးတော့မှ ဂျာမနီမှာ တင်ပြခဲ့တဲ့ကိစ္စဖြစ်တယ်။ ဒါပေမဲ့ကံအားလျော်စွာ ဒီအမှုကိုစွဲတင်တဲ့ အမှုဖြစ်စဉ်တစ်ခုလုံး ကို ဂျာမနီတရားရုံးက လက်ခံဖို့မရှိတော့ဘူးပေါ့နော်။ သူတို့က ပယ်ချတဲ့ပုံစံမျိုးဖြစ်သွားတယ်။

နောက်တစ်ခုက ကျွန်တော်တို့ အရင်တုန်းက  KSP ပေါ့နော။် အခုတော့ KSP ကတော့ IEC ပြည်ထဲရေးဌာန လက်အောက်မှာ ရဲတပ်ဖွဲ့အနေနဲ့ ရှိတာပေါ့နော်။ အရင်တုန်းကတော့ IRKSP အနေနဲ့ KSC ဆက်စပ်ပူးပေါင်း ပြီးတော့မှ ပြည်ထောင်စုအဆင့်မှာရှိတဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနပေါ့နော်။ NUG ရဲ့ လူ့အခွင့်ရေးဌာနမှာ ပူးပေါင်းပြီးတော့မှ ဒီဩစတေးလျနိုင်ငံမှာ ကျွန်တော်တို့ Process အတိုင်း တရားစွဲဆိုမှုလုပ်ခဲ့တယ်။ ဒါပေမဲ့ ခုချိန်ကတော့ အတိအကျ ဘာမှမကြားရသေးဘူးပေါ့။ ဒီဟာကတော့ လောလောဆယ်ပေါ့။ အခြားတစ်ဘက်မှာ လည်း အကယ်၍များ နိုင်ငံတစ်နိုင်ငံ လက်ခွဲတစ်ခုခုကနေ လက်ခံပြီဆိုရင် အဆင်သင့်ဖြစ်အောင်ဆိုပြီးတော့မှ ရသလောက် သေဆုံးသွားသူတွေရဲ့ အချက်အလက် တွေကိုယူပြီးတော့မှ DNA စစ်တဲ့ Process တွေကိုလည်း ကျွန်တော်တို့ လုပ်ထားတာတွေ ရှိပါတယ်ခင်ဗျ။

သံလွင်တိုင်းမ် – အဲဒီဖြစ်စဉ်နောက်ပိုင်းမှာရော စစ်ကောင်စီဟာ အရပ်သားပြည်သူတွေအပေါ် ဘယ်လိုလူ့အခွင့် အရေးချိုးဖောက်မှုတွေ ဆက်လက်ကျူးလွန်နေလဲ။

ဦးဗညား – အခြေခံအားဖြင့် စစ်ကောင်စီကတော့ သူတို့ကျုးလွန်မြဲကျုးလွန်တဲ့ အတိုင်းပေါ့နော်။ ဆက်ပြီး အရင် ပုံစံအတိုင်းလည်းရှိပါတယ်။ အမှုဖြစ်တာက ၂၀၂၁ မှာဖြစ်တယ်။ ၂၀၂၂ ထဲမှာလည်း ရပ်ကွက်ထဲမှာလည်း လူ အစုလိုက်၊ အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ပြီးတော့မှ အိမ်သာကျင်းထဲ ထည့်တာရှိတယ်။ နောက်ပြီးတော့ ၂၀၂၃ ထဲမှာလည်း မိုးဗြဲထဲမှာ လူအများစုကို အိုးအိမ်က ဖမ်းဆီးပြီးတော့မှ ရပ်ကွက်ထဲဝင်ရောက် ဖမ်းဆီးပြီးတော့မှ သတ်ဖြတ်တာတွေရှိတယ်။ အဓမ္မပြုကျင့်မှုတွေရှိတယ်။ အစုလိုက်အပြုံလိုက်တွေ ဆက်တိုက် ဖြစ်နေတာရှိ တယ်။ ထို့အတူ ဒီကာလ ၂၀၂၁, ၂၀၂၂ ကြားမှာလည်း ကျွန်တော်တို့ မော်စကို ခြောက်မိုင်မှာဆိုရင်လည်း လူ လေးငါးခြောက်ယောက်ကို ဖမ်းဆီးသတ်ဖြတ်တာတွေလည်း ဆက်တိုက်ကျူးလွန်တာ ရှိတယ်ပေါ့နော်။

အဲဒီတော့ အဖြစ်အားဖြင့်ပြောကြည့်မယ်ဆိုရင်  စစ်ကောင်စီကတော့ သူတို့လုပ်နေကျအတိုင်း လူထု တွေကို တော့ အကြောက်တရား ထိုးသွင်းနိုင်အောင်ဆိုပြီးတော့ ဖမ်းဆီးသတ်ဖြတ်မှုတွေ ဆက်တိုက်လုပ်တယ်။ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တာတွေတော့ ဆက်တိုက်ကျူးလွန်တာ ရှိတယ်ပေါ့နော်။ ဒါကတော့ ခုချိန်အထိ လုံးဝပြောင်းလဲသွားတဲ့ အ‌ခြေအနေတစ်ရပ် မရှိသေးဘူး။ သူတို့ရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေကတော့ ဆက် လက်တည်မြဲနေတယ်လို့တော့ ပြောလို့ရတယ်ခင်ဗျ။

သံလွင်တိုင်းမ် – မိုဆိုဖြစ်စဉ်ကို အမှတ်ရပြီး ဒီကာလတွေမှာ ဘာတွေကိုသတိထားလာရပါသလဲ။ လက်ရှိအခြေ အနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

ဦးဗညား – ကျွန်တော်တို့ နှစ်နှစ်ပြည့် IEC မှာတော့ KSCC မှာရော၊ KSIP မှာရော၊ နှစ်နှစ်ပြည့် ထုတ်ပြန်ချက် တွေ၊ သဝဏ်လွှာတွေ ထုတ်ပြန်ခဲ့ကြတာရှိပါတယ်။ အခြားတစ်ဘက်မှာလည်း  ဒီနှစ်နှစ်ပြည့်မှာပဲ ကျွန်တော်တို့ ဒီမှာရှိနေတဲ့ IEC အဖွဲ့တစ်ချို့ရယ်၊ နောက် KSP က ရဲဘော်တွေရယ်၊  KSCC  ရဲ့ တာဝန်ရှိသူတချို့ရယ်၊ တ ချို့သာ ဘာသာရေးခေါင်းဆောင်တွေ၊ သေဆုံးသွားသူ‌တွေရဲ့ မိသားစုတချို့ရယ်၊ ရပ်မိရပ်ဖ တချို့နဲ့ ပူးပေါင်း ပြီးတော့ ဆုတောင်းမေတ္တာပို့မှုတွေ။ ကျွန်တော်တို့တွေရဲ့ မဆုတ်မနစ် ကြိုးစားနေတဲ့ လုပ်ငန်းစဉ်တွေကို လူထု နဲ့အတူ ရပ်တည်တဲ့ Event အသေးလေး တစ်ခုတော့ ကျွန်တော်တို့ လုပ်ခဲ့တာရှိပါတယ် ။

ဘာကြောင့်လုပ်လဲဆိုတော့ ကျွန်တော်တို့ ကျူးလွန်ခံရသူတွေရဲ့ မိသားစုဝင်နဲ့အတူ ကျွန်တော်တို့ ရှိနေတယ် ။ကျွန်တော်တို့ အုပ်ချုပ်ရေးယန္တရားတွေအပေါ် ဒီတစ်ခုအနေနဲ့ ဖြစ်စေ၊ လူသားတစ်ယောက်အနေနဲ့ ဖြစ်စေ ကျူးလွန်ခြင်းအောက်မှာ ခံရသူတွေရဲ့ မိသားစုဝင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာကို ကျွန်တော်တို့အတူ တည်ရှိပြီးမှ လွပ်လပ်မှု၊ ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စု တစ်ခုတည်ဆောက်တဲ့နေရာမှာ အားကောင်း မောင်းသန်မှုစနစ် အတူတကွတည်ထောင်မယ်ဆိုတဲ့ ကတိတစ်ခုကို ကျွန်တော်တို့ ပြခြင်းဖြစ်တယ်။ နောက် တစ်ခုကတော့ ကျွန်တော်တို့ကတိကဝတ် ပြုထားတာက ဒီမတရားမှုတွေရယ်၊ အာဏာရှင်စနစ် ကိုချုပ်ငြိမ်း အောင် ကျွန်တော်တို့က ဆက်လက်ချီတက်သွားမယ်။ ကျွန်တော်တို့ ဒီမိုကရေစီစနစ် အားကောင်းပြီးတော့မှ ဖယ်ဒရယ်ကို အခြေပြုတဲ့ ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်သွားမယ်။ လူထုတွေ တစ်ယောက်ခြင်းစီရဲ့ အခြေခံအခွင့်ရေးကို ကျွန်တော်တို့ အာမခံဖို့ရှိအောင် နောက်နောင် နောက်ထပ်နောက်ထပ်သော လူ့အခွင့်ရေး ချိုးဖောက်မှုတွေ မဖြစ်အောင်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ တရားစီရင်ရေးနစ်ကို အတူသွားကြ မယ်။ တရားမျှတမှုကို အားလုံးအတွက် ပြန်လည်ပေးဆပ်မယ်ဆိုတဲ့ ကတိကဝတ်တစ်ခုကိုလည်းပြခြင်း ဖြစ်ပါ တယ်။

သံလွင်တိုင်းမ် – နောက်ဆုံးအနေနဲ့ မိုဆိုဖြစ်စဉ်ရော တော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သား တွေအတွက်ရော၊ လက်ရှိအရပ်သားပြည်သူတွေအတွက်ပါ ဖြည့်စွက်ပြောချင်တာရှိရင်ပြောပြပေးပါဦး။

ဦးဗညား – သေချာတာတစ်ခုကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုဆိုတာမျိုးကိုတော့ အလွယ်တကူ မေ့ပျောက် လို့ရတဲ့ ကိစ္စရပ်မျိုး မဟုတ်ဘူးပေါ့နော်။ ဆက်ပြီးတော့မှ ကျူးလွန်သူတွေ ဆက်လက်ကျူးလွန်နိုင်အောင် အခွင့် အရေး ပေးသလိုဖြစ်တယ်။ အဲဒါကြောင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ကျွန်တော်တို့က အဆုံးသတ်ဖို့လိုပါမယ်။ ဒါ မှသာလျင် အပြန်အလှန်လေးစားသမှု ဖြစ်ပြီးတော့မှ ကျွန်တော်တို့ အခြေခံလူ့အခွင့်အရေး ဒီမိုကရေစီကျင့်စဉ် တွေကို ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်။

အဲဒီအတွက်ကြောင့် ကျွန်တော်တို့ဆက်ပြီး ရပ်တည်တိုက်ခိုက်သွားရမယ်။ ထို့အတူ ကျွန်တော်တို့  ရပ်တည် ချက်တွေ၊ ဒီမိုကရေစီလူ့အခွင့်အရေး စံနူန်းတွေက လူတိုင်းအတွက်၊ အားလုံးအတွက် မြန်မာနိုင်ငံသူ မြန်မာ နိုင်ငံသားတွေအတွက် ဖြစ်စေရမယ်။ အဲဒီအတွက်ကြောင့် လူတစ်စုအတွက်ပဲ ဖြစ်တည်နေတဲ့ အခွင့်ထူးခံ စနစ်ကို ပယ်ဖျက်ပြီးတော့မှ နိုင်ငံသူနိုင်ငံသား အားလုံးပါဝင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ စနစ်ထူထောင်မယ်။ လူ့ အခွင့်အရေးကို အပြည့်အဝအာမခံဖို့ရှိတဲ့စနစ်ကို ထူထောင်နိုင်ဖို့အတွက် ချီတက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဘယ် case မဆို ဘယ်ဖြစ်ရပ်မဆို ကျူးလွန်သူအားလုံးကို တရားဥပဒေကြောင်းအရ တရားမျတမှုကို ပြန်ပေးဖို့ အတွက်  ဆက်လက်လုပ်ဆောင်ဖို့အတွက် ရည်ရွယ်ပါတယ်။ ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.