ဂန့်ဂေါ ပျူစောထီးရွာက ထွက်ပြေးလာသူတွေထဲမှာ စစ်တပ်ဩဇာခံတွေပါဝင်လာ

0
55

ဂန့်ဂေါ – ဒီဇင်ဘာ ၂၅

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ ပျူစောထီးကျေးရွာကနေ ပြေးလာသူတွေထဲမှာ စစ်တပ် ဩဇာခံ လက်နက်ကိုင် ပျူစောထီး ၁၀​ ဦးဝန်းကျင်အထိပါဝင်လာတယ်လို့ ဂန့်ဂေါမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီဇင်ဘာလအတွင်း လူဦးရေ ၃၀၀ ကျော်ဟာ ပျူစောထီးရွာတွေကို စွန့်ခွာပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တွေဆီကို ခိုလှုံလာကြတာပါ။

“အဓိက ကတော့ အသက်အရွယ်ကြီးသူတွေနဲ့ အမျိုးသမီးတွေများတယ်။ ထွက်ချင်တဲ့လူတွေ ကိုလည်းထွက်ခွင့်ပေးတယ်ဆိုပြီးတော့ ပစ္စည်းတွေကိုတော့ သိမ်းလိုက်တာတွေလည်းရှိတယ်။ ပျူစောထီးရွာတွေထဲမှာ စားနပ်ရိက္ခာရှားပါးနေတဲ့အတွက် အချင်းချင်းစိတ်ဝမ်းကွဲလာတာ” လို့ ဂန့်ဂေါပ.က.ဖ ကိုနွေဦးက ပြောပါတယ်။

ဘက်ပြောင်းခိုလှုံလာသူတွေထဲမှာ ပြည်သူတွေနဲ့ ရောပြီး လိုက်လာတဲ့ လက်နက်ကိုင်ပျူစောထီး ၁၀ ဦးဝန်းကျင်ပါဝင်လာပြီး သူတို့တွေဟာ လက်နက်တွေနဲ့အတူ ရောက်လာကြတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ပျူစောထီးကျေးရွာတွေက ထွက်ပြေးလာသူတွေကို ဂန့်ဂေါမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က စားနပ်ရိက္ခာနဲ့ နေထိုင်စရာပေးပြီး စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင်ထွက်ပြေးလာသူတွေအတွက် ဆန်နဲ့ မိုးကာတွေလိုအပ်နေသလို အသက်အရွယ်ကြီးရင့် သူတွေလည်း ပါလာတာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးနေရတယ်လို့ သိရပါတယ်။

ဒေသခံတွေ ထွက်ပြေးသွားတာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေ သိချိန်မှာ တခြား ဒေသခံတွေကိုလည်း မနေချင်ရင် ရွာကနှစ်ရွက်အတွင်းထွက်ဖို့ပြောတာကြောင့် တချို့ ဒေသခံတွေဟာ လှည်းတွေနဲ့ ထွက်ခွာလာကြသလို တချို့ကတော့ ထွန်စက်တွေနဲ့ပါ တစ်ပိုင် တစ်နိုင်ပစ္စည်းတွေသယ်ပြီးထွက်လာကြတာတွေရှိတယ်လို့ သိရပါတယ်။

လက်နက်ကိုင်တော်လှန်ရေးအားကောင်းတဲ့ ဂန့်ဂေါမြို့မှာ ပျူစောထီးကျေးရွာ ၇ ရွာအထိရှိပြီး အဲဒီရွာတွေကို တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားတာကြောင့် အစာရေစာ ရှားပါးမှု၊စက်သုံး ဆီနဲ့ အသုံးအဆောင်ပစ္စည်း ရှားပါးမှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကို ခိုလှုံလာသူ ၃၀၀၀ ဝန်းကျင်အထိရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.