စစ်ကိုင်းတိုင်းမှာ ပျူစောထီးတွေ မိသားစုလိုက် လက်နက်ချအလင်းဝင်လာ

0
55

ရွှေဘို – ဒီဇင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှာရှိတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးအထိုင်စခန်းရှိ ပျူစောထီးတပ်ဖွဲ့ဝင်နှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ မိသား စုတွေကိုပါ ခေါ်ဆောင်ပြီး ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA) တပ်ဆီကို လက်နက်ချအလင်းဝင်ခဲ့တယ်လို့ BRNAက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၃ရက် နေ့နံနက်ပိုင်းမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်မှာရှိတဲ့ သီးလုံးပျူစောထီးစခန်းမှ ပျူစောထီးတပ်ဖွဲ့ဝင် နှစ်ဦးအပါအဝင် မိသားစုဝင် (၁၄)ဦးနဲ့အတူ လက်နက်အပ်နှံအလင်းဝင်ခဲ့တာလို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ အသက် ( ၁၇)နှစ်နဲ့ ( ၂၀)နှစ်တို့ဖြစ်ကြပြီး G3 ၁ လက်၊ ကျည်အတောင့် ၁၅၀၊ ကျည်ဘောက်အပို ၂ခု၊ ကာဘိုင်တစ်လက်နဲ့ ကျည် ၈၂တောင့်၊ ကျည်ဘောက်အပို ၁ခု တို့ကို ထံ အပ်နှံခဲ့တယ်လို့လည်းဆိုပါတယ်။

ပျူစောထီးတပ်ဖွဲ့ဝင်တွေ ပျူရွာအတွင်းနေထိုင်ရစဉ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ အတင်းအကျပ်စေခိုင်းတာ၊ ရမ်းကားအနိုင်ကျင့်တာ၊ အလိုမတူဘဲ လက်နက်ကိုင် တိုက်ခိုက်စေခိုင်းတာတွေကြောင့် မိသားစုကိုပါ ခေါ်ဆောင်ပြီး ထွက်ပြေးခဲ့ရတာဖြစ်တယ်လို့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

BNRA မှတာဝန်ရှိသူတွေက လက်နက်အပ်နှံသေမိသားစုတွေကို အသက်မွေးဝမ်းကြောင်းအတွက် ချီးမြှင့်ငွေ ကျပ်သိန်း (၁၀၀) ပေးအပ်ခဲ့တယ်လို့လည်း သိရပါတယ်။

သီးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေကို နိုဝင်ဘာ ၂၆ရက်၊ ၂၇ ရက်နှစ်ရက်တိုင်တိုင် BNRA နဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင်တွေ၊ ဗိုလ်ကျားရိုင်းအဖွဲ့၊ ZERO ပျောက်ကြားတပ်ဖွဲ့၊ မိတ္ထီလာ ဒရုန်းတပ်ဖွဲ့တွေ နဲ့အတူပူးပေါင်းပြီး နှစ်ရက်တာတိုက်ခိုက်မှုပြုလုပ်ခဲ့တာပါ။

ဒါကြောင့်စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတပ်ဖွဲ့ဝင်တွေဟာ ဇီးဖြူကုန်းကျေးရွာကနေ ဆုတ်ခွာသွားကြပြီး ပြည်သူတွေပြန်လည်ဝင်ရောက်နေထိုင်ပြီလို့လည်း ဗမာအမျိုးသား တော်လှန်ရေးတပ်မတော်က ပြောကြားထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.