စစ်တပ်နှစ်ခုကြား ဆက်ဆံရေး ပြန်လည်စတင်ဖို့ အမေရိကန်နဲ့ တရုတ်ထိပ်တန်းအရာရှိတွေ ဆွေးနွေး

0
57

ဝါရှင်တန်၊ ဒီဇင်ဘာ ၂၃

အမေရိကန် ထိပ်တန်းစစ်ဘက်အရာရှိတွေနဲ့ တရုတ်ကာကွယ်ရေးဦးစီးချုပ်တို့ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့က အွန်လိုင်းတွေ့ဆုံမှုတစ်ရပ် ပြုလုပ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြားခဲ့ပါတယ်။

ဒီနှစ်အတောအတွင်း အခုလိုတွေ့ဆုံမှုဟာ နှစ်နိုင်ငံစစ်တပ်နှစ်ရပ်အကြား ပိုမိုကျယ်ပြန့်တဲ့ ဆက်ဆံရေးကို ပြန်လည်ထူထောင်နိုင်ဖို့ အမေရိကန်အရာရှိတွေက မျှော်လင့်နေကြတာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် သြဂုတ်လက နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး ဘေဂျင်းအစိုးရက အမေရိကန်ကို စစ်ဘက်ဆိုင်ရာ ဆက်ဆံရေး ဖြတ်တောက်ခဲ့တာပါ။

ဒီလိုဖြတ်တောက်ထားတဲ့ စစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို ပြန်လည်စတင်နိုင်ဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင်တို့ကြား သဘောတူညီမှုရဲ့ နောက်ဆက်တွဲအဖြစ် ဗီဒီယိုတယ်လီကွန်ဖရင့်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌဖြစ်တဲ့ အမေရိကန်လေတပ်ဗိုလ်ချုပ်ကြီး ချားလ်ကျူဘရောင်းနဲ့ တရုတ်ပြည်သူ့လွတ် မြောက်ရေးတပ်မတော် ဗိုလ်ချုပ်ကြီး လျူရှန်လီတို့ဟာ “ကမ္ဘာနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ ပြဿနာများ စွာကို ထိတွေ့ဆွေးနွေးခဲ့ကြတယ်” လို့ ဘရောင်ရဲ့ရုံးမှ သတင်းထုတ်ပြန်ပြောကြားခဲ့ပါတယ်။

စစ်ဘက်နှစ်ရပ်ကြားအနေနဲ့ မှားယွင်းတဲ့ တွက်ချက်မှုတွေကနေ ပဋိပက္ခဆီသို့ ပြန့်ပွားလာခြင်းကို ကာကွယ်ဖို့ဟာ အရေးကြီးတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်မှ အရာရှိတွေက ပြောဆိုကြပါတယ်။

နှစ်ဘက်ကြား စစ်မှန်တဲ့ ဆွေးနွေးပွဲတွေ လုပ်ဆောင်ရာမှာ စစ်ဘက်ဆိုင်ရာ ဆက်သွယ်မှုအချို့ကို ပြန်လည် ထူထောင်ဖို့အတွက် အချိန်ယူရနိုင်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

ဒေသတွင်းထဲမှာ အမေရိကန်ရဲ့ စစ်ရေးရန်စမှုများအဖြစ်ယူဆတဲ့ အရာတွေကို ကန့်သတ်ဖို့ တရုတ်က လမ်းကြောင်းရှာဖွေနေတယ်လို့ လေ့လာသူအချို့က ဆိုကြပါတယ်။

ဝါရှင်တန်နဲ့ ပေကျင်းတို့ဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ရဲ့ အနာဂတ် အရေးကိစ္စမှသည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်ပိုင်ဆိုင်ခွင့်တွေအထိ အရာအားလုံးအပေါ် အာရုံစိုက်နေကြတာလည်း ဖြစ်ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.