ကြာအင်းဆိပ်ကြီး ခလရ-၂၈၃ က ဒုတပ်ကြပ်တစ်ဦး လက်နက်နဲ့အတူ KNU ထံ အလင်းဝင်

0
59

ကြာအင်းဆိပ်ကြီး – ဒီဇင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ကောင်စီ အမှတ်(၂၈၃) ခြေလျင်တပ်ရင်း က ဒုတပ်ကြပ်တစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ ဒီဇင်ဘာ ၁၉ ရက်နေ့က KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

အသက် ၂၃ နှစ်ရှိ ဒုတပ်ကြပ်ရဲကိုကိုဟာ MA-4 ပူးတွဲ ၁ လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် ၄ ဘောက်နဲ့ ကျည်တောင့် ၇၅ တောင့်တို့နဲ့အတူ KNU တပ်မဟာ ၆ ကွန်မန်ဒိုတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ထဲမှာ တပ်တွင်းကြီးနိုင်ငယ်ညှဉ်း ဖိနှိပ်မှုတွေကို ဆက်လက်သည်းမခံနိုင်မှုနဲ့ တပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တော့တဲ့အတွက် ဒုတပ်ကြပ်ရဲကိုကို ကိုယ်တိုင် တပ်ကနေ ကြိုးစားရုန်းထွက်လွတ်မြောက်ပြီး နွေးထွေးတဲ့ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတာဖြစ် တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒ့ါအပြင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းသွားတဲ့အထိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး သမားတွေနဲ့အတူ ပူးပေါင်းပါဝင်ကူညီသွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNU ထံ လာရောက်ပူးပေါင်းလာတဲ့ စစ်ကောင်စီတပ်သားကို KNU ဒူးပလာယာခရိုင်က ထောက်ပံ့ငွေအနေနဲ့ မြန်မာကျပ်ငွေ သိန်း ၁၅၀ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှု စနစ်အတွက် အထောက်အကူဖြစ်စေတဲ့ ဘယ်ထောင့်တိုင်မဆို ဆန့်ကျင်ဖို့နဲ့ ဘယ်စစ်သားမဆို မိမိတို့ရဲ့ တပ်ကို စွန့်ခွာပြီး KNU-ကရင်အမျိုးသားအစည်းအရုံးနဲ့ နွေးထွေးတဲ့ ပြည်သူလူထုရင်ခွင်ထံ လာရောက်ပူးပေါင်းကြဖို့ KNU နဲ့ ပြည်သူလူထုက လှိုက်လှဲစွာ ဖိတ်ခေါ်လျက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်အစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း CDM ပြုလုပ်လာတဲ့ တပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၄၀၀၀ ကျော် ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.