လက်နက်ချအညံ့ခံသူတွေကို တော်လှန်ရေးအဖွဲ့တွေသတ်ဖြတ်ဟု စစ်တပ်လော်ဘီတွေ သတင်းအမှားဖြန့် (အမှန် /အမှား)

0
87

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် /အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာ သိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့‌ နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “တိုက်ပွဲများတွင် အလံဖြူပြကာ လက်နက်ချသည့် စစ်တပ်မှစစ်သည်များကို နောက်ကွယ်တွင် ပစ်သတ်ခြင်းများ ပြုလုပ်နေ ” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ မှိုင်း ဝေ၊ Kyaw Swar တယ်လီဂရမ်ကနေ ဒီဇင်ဘာလ (၄) ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်တဲ့ KNU အပါအဝင် ကိုးကန့်တပ် MNDAA၊ ရခိုင်တပ် AA နှင့် တအာင်းတပ် TNLA တို့ စုဖွဲ့ထားသည့် မြောက်ပိုင်းမဟာမိတ်တပ် များအားလုံးသည် အလံဖြူပြကာ လက်နက်ချအညံ့ခံတဲ့ စစ်ကောင်စီတပ်သားများရဲ့ အသက်အန္တရာယ် လုံခြုံရေးကို အာမခံပေးခြင်း၊ လူ့ဂုဏ်သိက္ခာ၊စစ်သား ဂုဏ်သိက္ခာကိုလည်း ထိန်းသိမ်းစောင့်ရှာက်ပေးခြင်း၊ မိသားစုဆွေမျိုးများနဲ့ တွေ့ဆုံခွင့်ရအောင်နဲ့ အခမဲ့ဆေးကုသပေးခြင်းဖြင့် စစ်သုံ့ပန်း ဥပဒေများနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ပေးမယ်လို့ ကတိပေးထားပါတယ်။

နိုဝင်ဘာ ၁၂ရက် က အင်အား ၁၂၇ ဦးပါသည့် လောက်ကိုင်အခြေစိုက် စစ်ကောင်စီ ခမရ (၁၂၉) မှ တပ်ရင်းမှူး ဗိုလ်မှူးကျော်ရဲအောင် ဦးဆောင်သည့် တပ်ရင်းမှ စစ်သားများနှင့် တပ်မိသားစုဝင်များ လက်နက်ချအညံ့ခံလာရာ တစ်ဦးလျှင် ကျပ် ၁၀ သိန်းနှင့် မိသားစုဝင်တစ်ဦးလျှင် ကျပ် ၁ သိန်းစီနဲ့ သွားလိုတဲ့နေရာကိုလည်း အန္တရာယ်ကင်းစွာသွားနိုင်အောင် ကူညီပေးခဲ့တယ်လို့ မြောက်ပိုင်းမဟာမိတ်တပ်များက နိုဝင်ဘာ ၁၄ရက်တွင် သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။

ထို့အတူ ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ညောင်လေး ပင်ခရိုင်၊ မုန်းမြို့ပေါရှိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်သိမ်းပိုက်ချိန်အတွင်း ခလရ−၈၄ မှ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သား (၁၉) ဦးခန့်မှာ လက်နက်ချအညံ့ခံခဲ့ပြီး ဝင်းအတွင်းရှိ တပ်မိသားစုဝင် (၄၂) ဦးကိုလည်း စစ်သုံ့ပန်း ဥပဒေများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ပေးထားလျက်ရှိတယ်လို့ ဒီဇင်ဘာ၆ရက်က KNUရဲ့ သတင်းထုတ်ပြန် ချက်အရ စိစစ်တွေ့ရှိရပါတယ်။

KNUသတင်းထုတ်ပြန်ချက်လင့်

https://shorturl.at/bfqEM

The kokang သတင်းလင့်

https://shorturl.at/afzT4

DVBသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

https://shorturl.at/mwPUY

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “တိုက်ပွဲများတွင် အလံဖြူပြကာ လက်နက်ချသည့် စစ်တပ်မှ စစ်သည်များကို နောက်ကွယ်တွင် ပစ်သတ်ခြင်းများ ပြုလုပ်နေ” ဆိုတဲ့ ဓာတ်ပုံတွေဟာ စစ် တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.