ဆေးလိပ်သောက်သုံးမှု တားမြစ်ဖို့ ဗြိတိန်ဝန်ကြီးချုပ် စီစဉ်

0
956

လန်ဒန် ၊ စက်တင်ဘာ (၂၄)

 ဗြိတိန်ဝန်ကြီးချုပ် ရီရှီဆွန်နက်ဟာ အနာဂတ်မျိုးဆက်သစ်တွေ စီးကရက်ဝယ်ယူလို့ မရအောင် တားမြစ်မယ့် အစီအမံတွေ ချမှတ်ဖို့ စဉ်းစားနေတယ်လို့ အစိုးရသတင်းရင်းမြစ်တွေ ကိုးကား ပြီးThe Guardian သတင်းစာက စက်တင်ဘာ ၂၂ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ 

ဆွန်နက်ဟာ နယူးဇီလန်မှာ ပြီးခဲ့တဲ့နှစ်က ထုတ်ပြန်ခဲ့တဲ့ဥပဒေတွေနဲ့ဆင်တူတဲ့ ဆေးလိပ် သောက်ခြင်း တိုက်ဖျက်တဲ့ အစီအမံတွေကို လေ့လာနေကြောင်း ထည့်သွင်းဖော်ပြထားတာပါ။ 

အဲဒီဥပဒေထဲမှာတော့ ၂၀၀၉ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့နောက်ပိုင်းမွေးဖွားသူတိုင်းကို ဆေးလိပ် ရောင်းချမှု တားမြစ်ရေးအပါအဝင် ဆေးလိပ်သောက်မှု တိုက်ဖျက်ရေး အစီအမံတွေပါရှိတာ လည်း ဖြစ်ပါတယ်။ 

“အခုချိန်မှာ ဆေးလိပ်သောက်နှုန်းကို လျှော့ချဖို့ ခြေလှမ်းတွေ စတင်နေပါပြီ၊ ဒါကြောင့် ၂၀၃၀ မှာ ဆေးလိပ်ကင်းစင်ဖို့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ကို ရောက်ရှိဖို့အတွက် ဆေးလိပ်ဖြတ်ဖို့ နောက်ထပ်လူတွေကို တိုက်တွန်းချင်ပါတယ်” လို့ ဗြိတိန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာသို့ အီးမေးလ်နဲ့ ပြန်လည်ဖြေဆိုခဲ့ပါတယ်။ 

အဲဒီလိုတားမြစ်မယ့်အစီအစဉ်တွေထဲမှာ အီလက်ထရောနစ် စီးကရက် (အီးစီးကရက်) ကင်းစင်ရေး အပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေကိုလည်း ဆေးလိပ်ဖြတ်ဖို့ လှုံ့ဆော်ပေးတဲ့ ကူပွန်အစီအစဉ်တွေ ပါဝင်တယ်လို့ သိရပါတယ်။ 

ဆေးလိပ်ကင်းစင်ရေးအစီအစဉ်ထဲမှာ ထည့်သွင်းမယ့်မူဝါဒတွေကို လာမယ့်နှစ် ရွေးကောက်ပွဲ မတိုင်မီ ဆွန်နက်ရဲ့အဖွဲ့က အာရုံစိုက်လုပ်ဆောင်ဖို့ ကိုယ်တွယ်သွားမယ်လို့လည်း သိရပါတယ်။ 

ပြီးခဲ့တဲ့မေလက ဗြိတိန်ဟာ အီးစီးကရက်တွေကို ကလေးငယ်တွေကို မရောင်းချနိုင်ဖို့ လက်လီရောင်းချသူတွေကိုလည်း ပိတ်ပင်သွားမယ်လို့ ကြေညာခဲ့ဖူးပါတယ်။ 

သီးခြားဖြစ်ရပ်အနေနဲ့ကတော့ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ အင်္ဂလန်နဲ့ဝေလ်းပြည်နယ်ရှိ ကောင်စီတွေဟာ တစ်ခါသုံး အီးစီးကရက်တွေ ရောင်းချခြင်းကို ၂၀၂၄ ခုနှစ်မှာ သဘာဝပတ်ဝန်းကျင်နဲ့ကျန်းမာရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် တားမြစ်ပေးဖို့ အစိုးရကို တောင်းဆိုခဲ့တာဖြစ်ပါတယ်။ 

Ref: Asiaone

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.