ကျိုက်ထို၊ စက်တင်ဘာ(၉)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ချမ်းမြေ့ကျေးရွာအနီးမှာ အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က စက်တင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ခက်တိုင်းရွာသား အသက် ၄၃ နှစ်အရွယ် ဦးအောင်ထန်းဟာ စားဝတ်နေရေးအခက်အခဲကြောင့် ငှက်ပျောတောကျေးရွာမှာ အငှားလုပ်သားအဖြစ် လာရောက်လုပ်ကိုင်နေစဉ် ပြီးခဲ့တဲ့ သြဂုတ် ၂၉ ရက်နေ့မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းနင်းမိတာကြောင့် ဦးအောင်ထန်းဟာ ခြေထောက်နှစ်ဖက်စလုံး ထိခိုက်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် သထုံခရိုင်ပြည်သူဆေးရုံထံ အရေးပေါ်ပို့ဆောင်ထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဦးအောင်ထန်းဟာ ကျိုက်ထိုအခြေစိုက် စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခလရ(၈)တပ်စခန်းကနေထောင်ထားတဲ့ မြေမြှုပ်မိုင်းနင်းမိခဲ့တာ ဖြစ်တယ်လို့ KNU သထုံခရိုင်က ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ဝါးဒတ်ကွင်းကျေးရွာအနီးမှာ အ သက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တယ်လို့ KNU သထုံခရိုင်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

