ထန်းတပင် – ဇူလိုင်(၇)
ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ လှည်းလမ်းကူးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား တနေကုန်တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမစစ်ကြောင်း(၂) တောင်ပိုင်းစစ်ဒေသခွဲ (၂)က သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လ(၆) ရက်နေ့ မနက်အစောပိုင်းက လှည်းလမ်းကူးကျေးရွာအလယ်ပိုင်းကို သေနတ်ပစ်ဖောက်ဝင်ရောက်လာတဲ့ အင်အား(၅၀) ပါတဲ့ စစ်ကောင်စီတပ်ကို ရိုးမစစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တွေထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ပူးပေါင်းတပ်ဖွဲ့ဘက်က ကာကင်း ထိခိုက်ပြီး ဆုတ်ခွာခဲ့ရတယ်လို့ ဆိုထားတာပါ။
ပူးပေါင်းအဖွဲ့ဘက်က မနက်(၈)နာရီကနေ (၁၁) နာရီအတွင်း ဒရုန်းနဲ့ ဝေဟင်ကနေ ဗုံးသီးချပြီး တိုက်ခိုက်ခဲ့သလို စစ်ကောင်စီ ခြေကုပ်ယူထားတဲ့ လှည်းလမ်းကူးဆေးရုံနဲ့ အနီးပတ်ဝန်းကျင် နေအိမ်တွေကို ပူးပေါင်းတပ်ဖွဲ့ဘက်က မြေပြင်ကနေလည်း အနီးကပ်ဝင်ရောက်တိုက်ခိုက်ခဲ့တယ် လို့သိရပါတယ်။
တိုက်ပွဲဖြစ်နေချိန်မှာ စစ်ကောင်စီဘက်က Mi-35 ရဟတ်ယာဉ်အသုံးပြုပြီး (၁၂) ကြိမ်အထိ လာရောက် ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီရဲ့သေဆုံးနဲ့ထိခိုက်ဒဏ်ရာရရှိသူတွေကို ဆွဲထုတ်သွားခဲ့သလို နေ့လည်ပိုင်းမှာလည်း ရဟန်ယာဉ်နဲ့ (၇) ကြိမ်ခန့်လာရောက်ပစ်ခတ်ပြီး ပိတ်မိသူတွေကို ကယ်ထုတ်ဖို့ ကြိုးစားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
KNLA ပူးပေါင်းတပ်ဘက်က ပိတ်မိနေတဲ့ စစ်ကောင်စီတပ်သားတွေကို ထပ်မံတိုက်ခိုက်ချိန်မှာတော့ စစ်ကောင်စီတပ်သား (၃၀) ဝန်းကျင်ဟာ လယ်ကွင်းတွေထဲ ဆုတ်ခွာထွက်ပြေးခဲ့ပြီး သူတို့တွေကို ပူးပေါင်းအဖွဲ့က လိုက်လံတိုက်ခိုက်ချိန်မှာ သေဆုံးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲဖြစ်စဉ်အတွင်း ပူးပေါင်းတပ်ဖွဲ့ဘက်က ကွန်မန်ဒိုတပ်ခွဲမှူး နန်းဝေဦးသေနတ်ထိမှန် ဒဏ်ရာနဲ့ ကျဆုံးခဲ့ရပြီး ကာကင်း ကွန်မန်ဒိုရဲဘော်တစ်ဦး၊ KNLA ဒုစုမှူးတစ်ဦးနဲ့ ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာအသီးသီး ရရှိခဲ့တယ်လို့ ရိုးမစစ်ကြောင်း(၂) ကသတင်းထုတ်ပြန်ထားပါ တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – စစ်ကောင်စီ Mi-35 တိုက်ခိုက်နေပုံ

