မေလ ၃ ရက်ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ် အာဏာသိမ်းတဲ့ ၂ နှစ်ကျော်ကာလအတွင်း သတင်းသမား ၁၅၀ နီးပါး ဖမ်းဆီးထောင်ချခံထားရပြီး အဲဒီထဲက ၄ ဦးဟာ သတ်ဖြတ်ခံခဲ့ရပါတယ်။ တဖက်မှာတော့ စစ်ကောင်စီဟာ သတင်းဌာန ၁၃ ခုကို လိုင်စင်ပိတ်သိမ်းထား သလို သတင်းလွတ်လပ်ခွင့်ကို အဆိုးဝါးဆုံး ဖိနှိပ်ထားတာပါ။ ဒါကြောင့် စစ်ကောင်စီလက်ထက် သတင်းလွတ် လပ်ခွင့် အခြေအနေ၊ စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထားဖမ်းဆီးလာတာအပြင် မြန်မာသတင်း မီဒီယာလောကရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဝါရင့်သတင်းစာဆရာ ဦးစိန်ဝင်းနဲ့ ဆက်သွယ်မေးမြန်းချက်။
-အရင်ဆုံး စစ်ကောင်စီလက်ထက် မြန်မာသတင်းစာလွတ်လပ်ခွင့် အခြေအနေက ဘယ်လောက်အထိ ဆိတ်သုဉ်းသွားပြီးလို့ ပြောလို့ ရပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
မြန်မာပြည်ရဲ့ သတင်းလွတ်လတ်ခွင့် ဆိတ်သုဉ်းတာတော့ တော်တော်ကြီးကို ဆိုးဆိုးဝါးဝါးပေါ့။ ကျွန်တော်တို့ သမိုင်းမှာဆိုရင် သတင်းစာတွေရှိတည်းက သတင်းသမားတွေ ဖိနှိပ်ခံရတာ အဆိုးဝါးဆုံးကာလပဲ။ သတင်းသ မားလေးယောက် အသတ်ခံရပြီးပြီ။ သတင်းသမားတွေကို မတရားမှုတွေနဲ့ထောင်ချပစ်တယ်။ သတင်းသမား တွေကို စစ်ကြောရေးမှာခေါ်ပြီး နှိပ်စက်တယ်။ သတင်းစာတိုက်တွေကို ပိတ်ပစ်တယ်။ ဒါမျိုးပြင်းတာက ဂျပန် ခေတ်မှာ ကင်ပေတိုင်တွေ လုပ်ခဲ့သလိုပဲ။
ဒါပေမယ့်လည်း ဘာကွာလဲဆိုတော့ သတင်းစာတွေက ဆိတ်သုဉ်းမသွားဘူး။ သတင်းစာတွေက ဆက်ရှိနေ တယ်။ သတင်းစာတွေကို စာဖတ်ပရိသတ်ဖတ်တာ အရမ်းကိုများတယ်။ သတင်းစာတိုက်လို့ ပြောတဲ့အခါမှာ တစ်နိုင်ငံလုံးရဲ့သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ သတင်းစာတိုက်တွေတင်မကဘူး။ တိုင်းရင်းသားမီဒီယာ တွေ ဆက်သွယ်ရေးက အရမ်းပြောင်းလဲလာတော့ ဘယ်နေရာမှာမဆို သတင်းတွေ ရောက်တယ်။ သတင်း ထွက်တဲ့နေရာတိုင်း သတင်းတွေထုတ်လို့ရနိုင်တယ်။ လိုက်လို့ရနိုင်တဲ့ အနေအထား ဖြစ်လာတယ်။ သတင်းစီး ဆင်းမှု အင်မတန်အားကောင်းတယ်။
လူငယ်မျိုးဆက်တွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ လူငယ်တွေက ကျွန်တော်တို့ အရင်က ရောက်ခဲ့တဲ့ ဒုက္ခတွေကို သူတို့နားလည်တယ်သိတယ်။ သူတို့ မကြောက်မရွံနဲ့ဆက်လုပ်တယ်။ အရှုံးမပေးတာ။ အဲ့ဒါ ကြောင့် စစ်ကောင်စီက မီဒီယာစစ်မျက်နှာမှာ ကျဆုံးတာ။ သူတို့ရဲ့ ဝါဒဖြန့်တာတွေ ဘယ်လိုမှတိုးမပေါက်ဘူး။ အရင်တုန်းနဲ့ အဲ့ဒါတွေ ကွာသွားတာ။ ၆၂တုန်းကလည်း သူတို့အာဏာသိမ်းတယ်။ သူတို့ပြောချင်ရာပြော လုပ် ချင်တာလုပ်က အမှန်ဖြစ်သွားတာ။ ကြာလာတော့ လူတွေက အလိမ်ကိုအမှန်ရယ်လို့ မြင်တာ။ ဒီနေ့ ခေတ် ကျတော့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်သွားတာ။
မင်းအောင်လှိုင်က ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်သွားတာ။ အဲ့ဒါက အင်မတန်ကြီးမားတဲ့အပြောင်းအလဲ။ ထောင်ကျခံပြီး လုပ်ရဲတာလူငယ်တွေက။ အခုရန်ကုန်မှာ သတင်းတွေ ဆက်လုပ်နေတာရှိတယ်။ မန္တလေး၊ နေပြည်တော်မှာ ဆက်လုပ်နေတာရှိတယ်။ ဒီလူတွေရဲ့အခန်းကဏ္ဍက အင်မတန်အရေးကြီးပါတယ်။ အနစ်နာ ခံပြီး စွန့်လွှတ်စွန့်စားပြီးလုပ်ရဲတာ။
ဒါက သတင်းစာသမားအချင်းချင်းမို့ ပြောတာ မဟုတ်ပါဘူး။ PDF တွေ တော်လှန်ရေးမှာ မြို့ပြပျောက်ကျား သပိတ်တွေ အသက်ကို အချိန်မရွေး စွန့်လွှတ်ရနိုင်တဲ့ လူငယ်တွေ သူတို့တွေရဲ့ရုန်းကန်မှုတွေ အဓိကက သူတို့အနာဂတ် ပျောက်မှာစိုးလို့။
- စစ်ကောင်စီက သတင်းသမားတွေကို ဒီနောက်ပိုင်း ပစ်မှတ်ထား ဖမ်းဆီးတာတွေ တွေ့လာရပါတယ်။ ဘာကြောင့် အခုလိုဖမ်းဆီးမှုတွေ လုပ်ဆောင်နေတယ်လို့ မြင်ပါသလဲ။
စစ်ကောင်စီက သတင်းသမားတွေကို ပစ်မှတ်ထားတာက အာဏာသိမ်းဖို့ကြံတည်းကိုက ဖမ်းရမယ့် စာရင်းတွေ ထဲမှာ သတင်းသမားတွေပါတယ်။ နာမည်ကြီးတဲ့သူကို ပစ်မှတ်ထားတာပေါ့။ သတင်းသမားတွေက အမြင့်ဆုံး စာရင်းမှာ မဟုတ်ပေမယ့် ပစ်မှတ်စာရင်းမှာ ပါတယ်။
တချို့ကတော့ မိသားစုအရေးနဲ့ မလုပ်နိုင်တာရှိပါတယ်။ စွန့်စားလုပ်မယ်ဆိုတဲ့စိတ်နဲ့ လွတ်မြောက်နယ်မြေတွေ ဘေးအိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်ပြီးတော့ ဆက်လုပ်ကြတယ်။ အဲဒီနံပါတ်၁က ကျိန်းသေ တယ်။ အိုးပစ်အိမ်ပစ်လာခဲ့ကြတယ်။ မိသားစုရှိတဲ့သူဆို ကျွန်တော်တွေ့တဲ့အခါ ကျွန်တော်စိတ်တောင်မ ကောင်းဘူး။ ထွက်ပြေးပြီးလုပ်ကြတာ ။ အဲဒီတော့ ငွေရေးကြေးရေး ပြသာနာတွေတက်လာပြီ ။ ဘေးနိုင်ငံတွေမှာလည်း တရားမဝင်နေရတော့ လုံခြုံရေးပြဿနာတွေ့လာပြီ။ ကိုယ့်ရဲ့အနာဂတ်က ဘယ်အ ချိန် အိုးအိမ်ပြန်ရမယ်ဆိုတာ မသိတဲ့တာတွေ ရှိလာတယ်။ သတင်းသမားတင်မဟုတ်ပါဘူး PDF လူငယ်တွေ။ အသက်တောင် စွန့်လုပ်နေတာ။ ကျွန်တော်တို့အခက်အခဲက သူတို့လောက်မကြီးပါဘူး။ တချို့ကျတော့ ထောင်ထဲမှာ နှိပ်စက်ခံပြီးလုပ်ကြတာ။ ထောင်ထဲကတောင် သတင်းပေးတာတောင် ရှိတယ်။ သတင်းသမား ရဲ့စိတ်က။ ရှေ့ဆက်ပြီးတော့ လုပ်နေကြမှာပါပဲ။
-စစ်ကောင်စီ လက်ထက်မှာဆိုရင် သတင်းသမားတွေရဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ရောက်လာတယ်ဆိုတော့ မြန်မာသတင်းစာလွပ်လပ်ခွင့်ဟာ ဘယ်လောက် ကျဆင်းသွားပြီးလို့ ပြောနိုင်ပါ သလဲ။
မြန်မာပြည်ရဲ့ သတင်းသမားတွေအတွက် အန္တရာယ်ပေါ့ အရမ်းများပါတယ်။ အထူးသဖြင့် စစ်ကောင်စီတပ် ထိန်းချုပ်ရာဒေသတွေပေါ့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်စသဖြင့် စစ်မြေပြင်သတင်းထောက်လုပ်ရတဲ့ စစ် ကိုင်းတိုင်း၊ကရင်၊ ကရင်နီစသဖြင့် အဲဒီဒေသမှာလုပ်ရတဲ့ သတင်းသမားတွေအတွက် အချိန်မရွေး အသက်ဆုံး ရှုံးနိုင်တယ်။ ကျွန်တော်လူငယ်တွေကို မေးတယ်။ ဒီလုပ်ငန်းက အန္တရာယ်ရှိတဲ့လုပ်ငန်းလုပ်ဖို့ စိတ်ဝင်စားလား။ စိတ်ဝင်စားတဲ့သူတွေ အများကြီးတွေ့ရတယ်။ သတင်းစာသင်တန်းကို တက်ချင်တဲ့လူတွေ တက်နေတဲ့သူတွေ အများကြီးတွေ့ရတယ်။ ကျွန်တော်ကတော့ သတင်းစာပညာကို ဘယ်လောက်ပဲ ဖိနှိပ်ပါစေ မဆိတ်သုဉ်းဘူးဆို တဲ့ ယုံကြည်ချက် အဲဒီမှာ ဖြစ်လာတယ်။ သူတို့တွေသိရဲ့သားနဲ့ ဒီဟာကို ရင်ဆိုင်မယ်ကျော်လွှားမယ်ဆိုတဲ့ စိတ်ဆန္ဒတွေ ရှိတာ။ အဲဒါက စစ်ကောင်စီကို ကျဆုံးစေတဲ့ အဓိကအချက်ဖြစ်တာ ကျွန်တော်ကတော့ ယုံ ကြည်ပါတယ်ခင်ဗျာ။
- မြန်မာနိုင်ငံဟာ ကမ္ဘာ့သတင်းသမားများဖိနှိပ်ခံရမှု အဆိုးဆုံး တတိယမြောက်နိုင်ငံဖြစ်တယ်လို့ သတင်းသမား များကာကွယ်ရေးကော်မတီ CPJ က ပြီးခဲ့တဲ့ ၂ဝ၂၂ ခုနှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ လက်တွေ့မြေပြင် မှာ ဘယ်လောက်အထိ အခြေအနေ ဆိုးဝါးနေပါသလဲ။
CPJ ပြောတာ မြန်မာပြည်ထက်ဆိုးဝါးတဲ့ နိုင်ငံတော်တော်နည်းသွားပြီလို့ ထင်ပါတယ်ကမ္ဘာမှာ။ ဒီထက်ဆိုးတဲ့ အခြေအနေဘာဖြစ်လို့လဲဆိုတော့ ဥပမာမှာ- ကိုကျော်မင်းဆွေကိစ္စပဲကြည့်။ ကန့်ဘလူ ပဇီကြီးမှာ ဗုံးကြဲလို့ စိတ်မကောင်းဖြစ်တာ။ သေဆုံးသွားတဲ့သူတွေအတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်တာ လူစိတ်ရှိတဲ့လူသား တစ်ယောက်အနေနဲ့ ဝမ်းနည်းစိတ်မကောင်းဘူး။ သူ့ဇာတိ၊ ဒီဇာတိမှာ အရပ်သားတွေ သေတဲ့ဟာကို အဲဒါကို ဖမ်းပြီး ၅၀၅နဲ့ အမှုဖွင့်တာစဉ်းစားကြည့်။ ဒီလောက်ဆိုးသွမ်းတဲ့ကောင်တွေ ဘယ်လိုစိတ်နဲ့များ လုပ်လဲဆိုတာ ကျွန်တော်တော့ စဉ်းစားလို့မရဘူး။ လူစိတ်ကိုမရှိတဲ့ ကောင်မျိုးတွေ။ အဲဒီအခြေအနေကို အဆိုးဝါးဆုံး အခြေ အနေလို့ပြောတာ ကျွန်တော်ကတော့ သဘောတူပါတယ်။ အမှောင်တွေကျော်သွားရင် အလင်းတွေ ရောက်မှာ ပါ ရောင်နီလာပါလိမ့်မယ်။ ကျွန်တော်တို့ အမှောင်ထုကြီးစိုးတဲ့အခါမှာ ကိုယ့်ရဲ့သမာဓိ ကိုယ့်ရဲ့အသိတရား တွေကို ခိုင်ခိုင်မြဲမြဲထားပြီး ကြံ့ကြံ့ခံကျော်ဖြတ်ဖို့ ပါပဲ။ ဇွဲသတ္တိရှိနိုင်ဖို့ လိုအပ်ပါတယ်။ အဲဒီလိုကျော်ဖြတ်ပြီးရင် အလင်းမိုးသောက်ရောက်ပါလိမ့်မယ်။ အဲဒီအချိန်ကျရင် ပျော်စရာကောင်းပါလိမ့်မယ်။
- နောက်ဆုံးအနေနဲ့ အသက်အန္တရာယ်ကြားကနေ လူထုအတွက် သတင်းတွေတင်ဆက်နေတဲ့ သတင်းသမားတွေကို ဘာတွေသတိပေးတိုက်တွန်းလိုတာ ရှိမလဲ။
ကိုယ့်ရဲ့ အန္တရာယ်ကို သိပါ။ အန္တရာယ်ကို သိပြီးတော့ ဒါကိုဘယ်လိုကျော်လွှားနိုင်မယ့် နည်းလမ်းရှိမလဲဆိုတာ ရှာပါ။ အန္တရာယ်ကို မျက်စိမှိတ်ပြီးမတိုးပါနဲ့ ။ တဖက်မှာလည်း ကျွန်တော်တို့က ကိုယ့်ရဲ့ Professional Journalism ကို ရိုသေဖို့လိုပါတယ်။ စစ်တပ်ကို မကြိုက်တာ သက်သက်နဲ့ မပြည့်စုံပါဘူး။
ကျွန်တော်တို့ Professional ကို။ ကျွန်တော်တို့ဆီ သတင်းတွေလာဖတ်တယ်ဆိုတာ စာဖတ်ပရိသတ်က မျှော် လင့်တာ သတင်းတွေကို စိစစ်ပြီးသားဖြစ်လိမ့်မယ်လို့ မျှော်လင့်တာ။ ကျွန်တော်တို့က အခက်အခဲတွေ ကြားထဲ က အတတ်နိုင်ဆုံး စိစစ်ပေးရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့ တာဝန်ပါ။ ကျွန်တော်တို့ တာဝန်ကစိစစ်ပြီး လုပ် ရပါလိမ့်မယ်။ ဒါမှသာ စာဖတ်ပရိသတ်က မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ လုပ်လို့ရမှာပါ။ တဖက်မှာ စွန့်စားမှုတွေ လုပ်ရသလို တဖက်မှာတာဝန်သိစိတ် တာဝန်ခံတဲ့စိတ် ကျွန်တော်တို့ လုပ်ရပါလိမ့်မယ်။ မိစ္ဆာစစ်ဘီလူးတွေကို တိုက်ထုတ်ပြီးတော့ ကောင်းတဲ့သတင်းစာလွတ်လပ်ခွင့်အနေနဲ့ လုပ်လို့ရတဲ့ လူဘောင်အဖွဲ့အစည်းကို ကျွန် တော်တို့ တည်ဆောက်နိုင်မယ့် လမ်းကြောင်းမှန် ဖြစ်ပါတယ်။ အဲဒါကိုလုပ်ရပါလိမ့်မယ်။ အခုလည်းလုပ်နေ တာ၊ နောင်လည်းစောင့်ထိန်းစေချင်တာ။ ကျွန်တော်လည်း စောင့်ထိန်းဖို့ ကြိုးစားပါမယ်။

