မော်လမြိုင်၊ ဧပြီ(၄)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ လာမယ့်သင်္ကြန်ပွဲတော်ကာလ စည်ကားအောင် လုပ်ဆောင်ဖို့အ တွက်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ရပ်ကွက်၊ ကျေးရွာတွေအတွင်း ငွေကြေးလိုက်လံကောက်ခံနေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
သင်္ကြန်ပွဲတော် စည်ကားအောင် မဏ္ဍပ်တွေဆောက်လုပ်ဖို့နဲ့ စတုဒိသာတွေ ကျွေးမွေးနိုင်ဖို့အတွက်ဆိုပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက လုပ်ငန်းရှင်တွေနဲ့ ဈေးဆိုင်တွေမှာ လုပ်ငန်းအမျိုးအစားပေါ် မူတည်ပြီး ကျပ် ၅၀၀၀၀ကနေ ကျပ် ၂ သိန်းဝန်းကျင်အထိ တောင်းခံတာတွေ ရှိနေပါတယ်။
အဲလိုငွေကြေးတောင်းခံရာမှာလည်း စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက မဖြစ်မနေပေးဆောင်ကြဖို့ အတင်းဖိအားပေးနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။
မော်လမြိုင်မြိုခံတစ်ဦးကတော့ စစ်ကောင်စီကျင်းပမယ့် သင်္ကြန်ပွဲတော်မှာ ပြည်သူတွေအနေနဲ့ ပါဝင်ဆင်နွှဲတာ မလုပ်ဖို့နဲ့ ပျော်ပွဲရွှင်ပွဲတွေ လုပ်ဆောင်ပါကလည်း တိုးတိုးတိတ်တိတ်သာ ပျော်ရွှင်ပေးကြဖို့ မေတ္တာရပ်ခံတာပါ။
“စစ်ကောင်စီက သင်္ကြန်ပွဲတော်ကိုလုပ်ပြတယ်ပေါ့။ တိုင်းပြည်ကိုငြိမ်းချမ်းနေသဖွယ် ပုံဖော်နေမှာပဲလေနော်။ အဓိကကတော့ မွန်ပြည်နယ်ကတော့ စစ်မက်ဖြစ်ပွားမှုနည်းတဲ့အခါကြတော့ လုံးဝငြိမ်း ချမ်းနေသလိုမျိုး ပုံဖော်မယ်။ လူငယ်တွေကို စစ်ရေး၊ နိုင်ငံရေးထဲ စိတ်မဝင်စားအောင် အပျော်အပါးတွေ၊ ပွဲလမ်းသဘင်တွေနဲ့ ဖုံးဖိ ထားမှာပဲပေါ့။ ဒီတော်လှန်ရေးဘက်ကို လူငယ်တွေမပါသွားဖို့ပေါ့။ စစ်ကောင်စီကပြုလုပ်မယ့် သင်္ကြန်ပွဲတော်ကို ကျွန်တော်တို့တွေ ပါဝင်ဆင်နွှဲခြင်းမပြုဘဲနဲ့ ပျော်စရာရှိလည်း ကိုယ့်ဟာကိုယ်တိတ်တိတ်လေး ပျော်ကြဖို့ ပြောချင်တယ်” လို့ သူကဆိုပါတယ်။
တဖက်မှာတော့ စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ဒီနှစ်သင်္ကြန်ပွဲ တော် စည်ကားသိုက်မြိုက်အောင် ကျင်းပနိုင်ဖို့အတွက်ဆိုပြီး ပြီးခဲ့တဲ့ မတ်လ(၂၈)ရက်နေ့က လုပ် ငန်းရှင်တွေနဲ့ ကုမ္ပဏီတွေကို ခေါ်ယူတွေ့ဆုံကာ မဏ္ဍပ်တွေ မဖြစ်မနေဆောက်လုပ်ကြဖို့ ဖိအားပေးတာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် မော်လမြိုင် ကမ်းနားလမ်းတစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ ရေကစားမဏ္ဍပ်တွေ ၊ စတုဒိသာ မဏ္ဍပ်တွေအပြင် ဌာနဆိုင်ရာအလိုက်မဏ္ဍပ်တွေ တည်ဆောက်ကြဖို့နဲ့ လမ်းလျှောက်သင်္ကြန် ကျင်းပဖို့လည်း ဖိအားပြောဆိုတွေ ရှိနေတာပါ။
မြို့ပြပျောက်ကြားအဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီကျင်းပမယ့် သင်္ကြန်ပွဲတော်ကို လူသားချင်းစာနာတဲ့စိတ်နဲ့ ပါဝင်ပျော်ရွှင်တာမလုပ်ဘဲ တော်လှန်ရေးမှာ ပါဝင်ကူညီပေးကြဖို့ တိုက်တွန်းတာပါ။
“သူတို့ကတော့ နိုင်ငံတကာမှာ အေးချမ်းနေပါတယ်ပေါ့။ စည်ကားနေတယ်ဆိုတာကို ပြချင်တယ်ပေါ့နော်။ ကျွန်တော်တို့ကတော့ ပြောချင်တာက စစ်ကိုင်းမှာမတရားလူတွေ အသတ်ခံနေရတယ်၊ ရွာတွေ မီးရှို့ခံနေ ရတယ်။ တစ်နိုင်ငံလုံး စိတ်ဆင်းရဲနေတယ်။ ပူဆွေးနေရတယ်။ သောကရောက်နေတဲ့အချိန်မှာ ကိုယ်က ပေါ့နော် ကိုယ်ချင်းစာတရားလေးနဲ့ပေါ့လေ ပါဝင်ပူးပေါင်းပေးစေချင်တယ်။ ဒီသင်္ကြန်မှာ မပါဝင်ခြင်းအားဖြင့် ကျွန်တော်တို့ဘက်ကို ပါဝင်ပူးပေါင်းပေးစေချင်တာပေါ့။ နောက် တစ်ခုက တချို့လူတွေရှိတယ်ပေါ့နော်။ တော်လှန်ရေးက ငါတို့နဲ့မဆိုင်ပါဘူးပေါ့။ ဥပမာဒီလိုဆိုရင်တောင်မှဖြင့် လူသားချင်းစာနာတဲ့အနေနဲ့ပေါ့နော် ဒီသင်္ကြန် ကာလလေးမှာ ငြိမ်ငြိမ်သက်သက်လေး နေပေးစေချင်တယ်။ ကိုယ်ချင်းစာတရားလေးနဲ့ နေပေးစေချင်တယ်။ ဒီလိုမျိုး ရည်ရွယ်ချက်နဲ့ပဲ ပြောရခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီဟာ မော်လမြိုင်သင်္ကြန်ပွဲတော် စည်းကားဖို့အတွက် မော်လမြိုင်ကမ်း နားလမ်းမှာ ဗဟိုမဏ္ဍပ်တည်ဆောက်နေသလို ရပ်ကွက်တွေမှာ ရပ်ကွက်အလိုက် မဏ္ဍပ်တွေ တည် ဆောက်ကြဖို့ ဖိအားပေးထားတာ ဖြစ်ပါတယ်။
မော်လမြိုင်သင်္ကြန်ပွဲတော်တွေကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်မှာ ကိုဗစ်ကပ်ရောဂါ အခြေအနေတွေကြောင့် မကျင်းပနိုင်ခဲ့သလို စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကျင်းပပြုလုပ်ခဲ့တဲ့ (၂၀၂၁)ခုနှစ်နဲ့ (၂၀၂၂)ခုနှစ် သင်္ကြန်ပွဲတော်တွေမှာလည်း ပြည်သူတွေအနေနဲ့ ပူးပေါင်းပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။
လက်ရှိမှာ စစ်ကောင်စီက သင်္ကြန်ပွဲတော်ကာလ စည်ကားအောင်လုပ်ဆောင်ဖို့ ပြင်ဆင်နေပေမယ့် တော်လှန်ရေး အင်အားစုတွေကတော့ စစ်ကောင်စီကပြုလုပ်တဲ့ သင်္ကြန်မဏ္ဍပ်တွေမှာ မပါဝင်ဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TLT

