မြဝတီ၊ ဧပြီ(၄)

ထိုင်းနိုင်ငံထဲမှာ နှစ်နိုင်ငံသဘောတူစာချုပ် MOU နဲ့ လာရောက်အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၁၅၀၀)နီးပါးဟာ အခုရက်ပိုင်းအတွင်း အစုလိုက်အပြုံလိုက် အလုပ်ထုတ်ခံနေရတာတွေ ဆက်တိုက်ဖြစ်ပွားနေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းနိုင်ငံ ဆမွတ်ဆာခွန်ခရိုင် မဟာချိုင်နယ်မြေနဲ့ နခန်ပထွန်ခရိုင် အုန်းနွဲ့အုန်းယိုင်နယ်မြေထဲက အလုပ်ရုံနှစ်ခုမှာရှိတဲ့ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား (၁၅၀၀) နီးပါးကို ဒီရက်ပိုင်းထဲ ထိုင်းအလုပ်ရှင်တွေက အလုပ်ထုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

အလုပ်ဖြုတ်ခံနေရတဲ့ MOU မြန်မာအလုပ်သမားတွေရဲ့ ထိုက်သင့်တဲ့ နစ်နာကြေးတွေနဲ့ အလုပ်အ ကိုင်သစ် ပြန်လည်ရရှိဖို့အတွက် ကူညီဖြေရှင်းဆောင်ရွက်ပေးနေပြီး အလုပ်ထုတ်ခံနေရတဲ့ အလုပ်သမားတွေအနေနဲ့ အလုပ်ပြန်လည်မရရှိပါက နေရပ်ပြန်ပို့ခံရနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ကိုရဲမင်းက ပြောပါတယ်။

“ထိုက်သင့်တဲ့နစ်နာကြေးတွေရဖို့ ပြီးတော့သူတို့အလုပ်အကိုင်သစ် အမြန်ဆုံးပြန်ရဖို့အတွက် LPN FOUNDATION နဲ့အတူ ကျွန်တော်တို့ MHAC နဲ့ လက်တွဲပြီးတော့ လုပ်နေပါတယ်။ တစ်နေ့ကို အုပ်စုခွဲ ခွဲပြီးတော့ပေါ့နော်။ ဟိုတစ်နေ့က ကျွန်တော်တို့ လူပေါင်း(၂၀၀)ကျော်လောက် ဖြေရှင်းတဲ့အခါမှာ လူပေါင်း (၁၀၀)နီးပါးလောက် အလုပ်အကိုင်အသစ် ပြန်ရမယ့်အခြေအနေမှာရှိတယ်။ သူတို့အလုပ်အကိုင်သစ်တွေရဖို့ကတော့ အေဂျင်စီနဲ့ ဆက်ညှိနှိုင်းရမယ့်အပိုင်းတွေ ဆက်လုပ်နေတယ်။ ဆိုလို တာကတော့ MOU အလုပ်သမားတွေ ဒီရက်ပိုင်းမှာ အလုပ်သမားဦးရေ(၁၅၀၀)လောက် အစုလိုက်အပြုံလိုက် အလုပ်ပြုတ်သွားတယ်ပေါ့။ အားလုံးက ဒီအလုပ်သမားတွေ တော်တော်များများက အပြင်မှာအခန်းငှားနေတဲ့ အလုပ်သမားတွေဖြစ်တယ်။ စားဝတ်နေရေးကတော့ အခုလက်ရှိကတော့ အဆင်ပြေနေဦးမယ်။ နောက်ဆိုရင်တော့ သူတို့အခန်းခ၊ မီးခ၊ ရေခတွေ ပြဿနာရှိလာနိုင်မယ်။ အလုပ်အမြန်ဆုံးမရဘူးဆိုရင် သူတို့ဒုက္ခရောက် နိုင်တယ်။ နေရပ်ကိုပြန်ပို့ခံနိုင်ရတဲ့ အခြေအ နေတွေရှိတယ်။ အဲဒီတော့ အလုပ်အသစ်ပြန်ရဖို့က နံပါတ်တစ်ပဲ” လို့ ကိုရဲမင်းကပြောပါတယ်။

MOU မြန်မာလုပ်သားတွေ အလုပ်ထုတ်ခံရတာဟာ နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ အ လုပ်သမားတွေကို ပို့ဆောင်ပေးနေတဲ့ မြန်မာအေဂျင်စီတွေရဲ့ တာဝန်ဖြစ်ပြီး အလုပ်သမားတွေ အ လုပ်ထုတ်ခံနေရတဲ့ လုပ်ရပ်အတွက် မြန်မာအေဂျင်စီအနေနဲ့ တာဝန်ယူရမှာဖြစ်တယ်လို့ ကိုရဲမင်းကဆိုပါတယ်။

အလုပ်ထုတ်ပယ်ခံရတဲ့ မြန်မာအလုပ်သမားတွေ နစ်နာကြေးတွေနဲ့ အလုပ်အကိုင်တွေ ပြန်လည်ရရှိဖို့အတွက် MHAC ကိုရဲမင်းအဖွဲ့၊ LPN ဖောင်ဒေးရှင်း၊ NUG အလုပ်သမားဝန်ကြီးဌာနက ဦးဝေလင်းမောင်နဲ့ တာဝန်ရှိသူတွေ ထိုင်းအစိုးရ အလုပ်သမားဖြေရှင်းရေး တာဝန်ရှိသူတွေက ပူးပေါင်းဖြေရှင်းနေတာပါ။

မြန်မာ MOU အလုပ်သမားတွေ အစုံအလိုက်၊ အပြုံအလိုက် အလုပ်ထုတ်ပယ်ခံနေရပေမယ့် စစ်ကောင်စီ လက်အောက်ခံ မြန်မာသံရုံးဘက်က ခန့်ထားတဲ့ အလုပ်သမားသံအရာရှိတွေ လာရောက်ဖြေရှင်းပေးတာ မရှိဘူးလို့ ကိုရဲမင်းက ပြောပါတယ်။

“သူတို့တွေ(အေဂျင်စီ)ပိုက်ဆံရ ပြီးပြီးရော လုပ်ထားပြီးတော့ ဒီအလုပ်ရုံ တကယ်လူလိုလား၊ မလိုလား ဒီအလုပ်ရုံက ၆ လပဲခိုင်းမှာလား၊ ၇ လပဲခိုင်းမှာလား သေချာမစိစစ်ပဲနဲ့ လူများများပို့ရပြီးတာပဲဆိုပြီး ပြီးစလွယ် ပို့ထားတဲ့အတွက် ဒီအလုပ်သမားတွေ ဒုက္ခရောက်ခြင်းဖြစ်တယ်။ အဲဒီအတွက် ဒီအေဂျင်စီတွေက တာဝန်ယူမှု တာဝန်ခံမှုလုပ်ရမယ်။ ထို့အတူပဲ နောက်ထပ်မြန်မာအလုပ် သမားတွေ MOU အလုပ်သမားတွေ ထိုင်းကိုလာ မယ့်သူတွေ အများကြီးရှိတယ်။ အဲဒီလူတွေလည်း မလာပါနဲ့လို့ လုံးဝမလာနဲ့။ MOU နဲ့ ပတ်သက်ပြီးတော့ ထိုင်းမှာ တပ်ပျက်နေပြီ၊ ပြီးတော့ မြန်မာအလုပ်သမား သိန်းနဲ့ချီအလုပ်လက်မဲ့ဖြစ်နေတယ် ထိုင်းနိုင်ငံမှာ။ အခုဒီခေတ်ကတော့ အကြမ်းဖက်အုပ်စု မင်းအောင်လှိုင်လက်အောက်ကအေဂျင်စီတွေ။ စစ်တပ်ကလာတဲ့ကောင်တွေ သူတို့ဘက်က အကြီးပိုင်းတွေ ရှယ်ယာဝင်ထားတဲ့ကုမ္ပဏီတွေဖြစ်တဲ့အတွက် ဖြေရှင်းပေးခြင်းလည်းမရှိဘူး။ အလုပ်သမားတွေနစ်နာတယ်။ အဲဒီအတွက် ထိုင်းနိုင်ငံကို MOU စနစ်နဲ့လာမယ်ဆို ဒီနေ့ကစပြီးတော့ ရပ်လိုက်ပါ။ မြန်မာအလုပ်သမားတွေ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ လုံးဝမလာနဲ့ ထိုင်းနိုင်ငံမှာ အလုပ်ပြုတ်တဲ့ လူတွေအများကြီး။ သိန်းနဲ့ချီရှိတယ်ဆိုတာကို ပြောပြလိုက်ပါ။ လက်ရှိ ဒီအလုပ်သမားတွေ အစုလိုက်အပြုံလိုက် အလုပ်ပြုတ်တဲ့အခါမှာ မြန်မာသံရုံး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးအောက်က အလုပ်သမားကိစ္စတွေဖြေရှင်းဖို့လွှတ်ထားတဲ့ မြန်မာအလုပ်သမားသံအရာ ရှိ(၅)ဦးက လုံးဝဖြေရှင်းပေးခြင်းမရှိဘူး လာရောက်ကူညီခြင်းမရှိဘူး” လို့ ကိုရဲမင်းက ဆိုပါတယ်။

လက်ရှိမှာလည်း ထိုင်းနိုင်ငံအတွင်းမှာ မြန်မာအလုပ်သမားတွေ အများအပြား အလုပ်လက်မဲ့ဖြစ်ပေါ်နေတဲ့အတွက် စနစ်ကျမှုမရှိတဲ့ MOU စနစ်နဲ့ ထိုင်းနိုင်ငံထဲကို လုံးဝမလာရောက်ကြဖို့ တိုက်တွန်းတာပါ။

နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်နဲ့ ပြီးခဲ့တဲ့နှစ်က ပြန်လည်စတင်ပြီး ထိုင်းနိုင်ငံထဲကို မြန်မာလုပ်သားတွေ ပြန်လည်ပို့ဆောင်ပေးခဲ့တာဖြစ်ကာ လုပ်ငန်းခွင်ထဲမှာ မြန်မာလုပ်သားတွေဟာ အလုပ်လစာမရရှိတာ၊ အလုပ်ကနေ အထုတ်ခံရတာ၊ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတာစတဲ့ ပြဿနာရပ်တွေကို အလုပ်သမားတွေအနေနဲ့ အမြဲတစေရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Ye Min (MHAC)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.