ဂန့်ဂေါ – ဧပြီ(၄)

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာစခန်း တိုက်ခိုက်ခံရမှုမှာ စစ်ကောင်စီဘက်ကထိခိုက်သေဆုံး များနိုင်ပြီး လက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ(၃၁) ရက်နေ့က ဂန့်ဂေါခရိုင်တပ်ရင်းတွေဖြစ်တဲ့ အမှတ် ၁၊၇၊ ၁၁၊ ၁၂၊ ၁၄၊ ၁၉၊ ABSDF၊ HYPER UAV FORCE၊ ပ.က.ဖ ရဲဘော်တွေစုပေါင်းပြီး ကန်ရွာနယ်မြေရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကို မနက်(၆) နာရီဝန်းကျင်မှာ စတင်ခဲ့တာဖြစ်ပြီး ကန်ရွာနယ်မြေရဲစခန်းရဲ့ (၇၅) ရာခိုင်နှုန်းလောက်ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကာ စစ်ကောင်စီဘက်က (၄၅) ဦးလောက်သေဆုံးပြီး (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက သတင်းထုတ်ပြန်ထားပါတယ်။

ကန်ရွာနယ်မြေရဲစခန်ကို သိမ်းပိုက်နိုင်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လေးကြိမ်တိုင်ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းနဲ့ (၇) ကြိမ်တိုင် ပစ်ကူပေးခဲ့ပြီး Mi-17 လေယာဉ်နဲ့ စစ်ကူ လာချပေးတာကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဆီက G-3 (၄)လက်၊ G-4(၁) လက်၊ G-3 မောင်းတုံး(၁)ခု၊ ကျည်ဘောက် (၄)ခု၊လက်ပစ်ဗုံး(၂)လုံး၊စကားပြောစက်(၂)လုံး၊ဖုန်း(၇)လုံး၊Laptop(၁)လုံး၊ဓား(၁) လက်၊ ငွေ (၆၀၈၀၀) ကျပ်နဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီဘက်က တိုက်ပွဲမှာ အထိနာခဲ့တာကြောင့် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြောင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး ကန်ရွာအနီးဝန်းကျင် ကျေးရွာ(၅) ရွာက ပြည်သူ တစ်သောင်းကျော် စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း ပူးပေါင်းတပ်ဖွဲ့က ရဲဘော်နှစ်ဦးကျဆုံးခဲ့ရပြီး ကိုးဦးမစိုးရိမ်ရ ထိခိုက် ဒဏ်ရာရရှိခဲ့သလို ရဲဘော်တစ်ဦးမှာ ခြေထောက်တစ်ဖက်ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဂန့်ဂေါမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.