သထုံ၊ နိုဝင်ဘာ (၁၁)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဝင်းစိန်ကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့ မနက်အစောပိုင်းက ပြည်သူတစ်ဦးကို ဖမ်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရတာကြောင့် ဒုတပ်ရင်းမှူး ဗိုလ်မှူး တစ်ဦး အပါအဝင် ၃ ဦးသေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်းစိန်ကျေးရွာက တက်ကြွလှုပ်ရှားသူတစ်ဦးကို ဖမ်းပြီးပြန်လာတဲ့ သထုံအခြေစိုက် စစ်ကောင်စီ လေ့ကျင့်ရေး(၉)က ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူနဲ့ တပ်ဖွဲ့ဝင်တွေဟာ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိပ်တိုက် တွေ့ဆုံပြီးနောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီပစ်ခတ်မှုမှာ စစ်ကောင်စီ ဒုတပ်ရင်းမှူး ဗိုလ်မှူးချစ်ဝင်းသူပါ ၃ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား တစ်ဦးထွက်ပြေး လွတ်မြောက်သွားသလို စစ်ကောင်စီတပ်က ဖမ်းဆီးလာတဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထံကနေ သေနတ် ၃ လက်၊ ဖုန်း ၃ လုံး၊ ၄၀ မမ ၉ လုံး၊ ကျည်ဘောက် ၁၀ ခု၊ ကျည်ဆံတွေနဲ့ ငွေ ၂၃ သိန်းနီးပါးကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့တာပါ။
ပစ်ခတ်မှုအပြီးမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်းစိန်ကျေးရွာနဲ့အနီးအနားကျေးရွာတွေအတွင်း ဝင်ရောက်ရှာဖွေနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းကလည်း သထုံကြာပန်းတိုးဂိတ်အနီးက စစ်ကောင်စီအဖွဲ့စုံစစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းအဖွဲ့တွေက ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ဒဏ်ရာရရှိထားပါတယ်။
သတင်း – သံလွင်တိုင်းမ်

