ဂျူဗင်တပ်စ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရ

0
7783

မော်လမြိုင်၊ အောက်တိုဘာ ၂၆

အီတလီစီးရီးအေနာမည်ကြီး ကလပ်အသင်း ဂျူဗင်တပ်စ်အသင်းဟာ ဒီကနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် (၅)မှာ ပေါ်တူဂီကလပ်အသင်း ဘင်ဖီကာအသင်းကို ရှုံးနိမ့်သွားတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်း နည်းပြ အယ်လီဂရီဟာ ဒီပွဲမှာ အနိုင်ရဖို့အတွက် အဓိက ကစားသမား အများစုနဲ့ ဘင်ဖီကာအသင်းကို ယှဉ်ပြိုင်ခဲ့ပေမယ့် ပွဲအပြီးမှာတော့ ၄ ဂိုး ၃ ဂိုး ရလဒ်နဲ့ အရေးနိမ့်ပြီးနောက် ချန်ပီယံလိဂ်ပြိုင်ပွဲကနေ နှုတ်ဆက် ထွက်ခွာလိုက်ရတာပါ။

ဒီပွဲမှာ ဘင်ဖီကာအသင်းအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၁၇ မိနစ်မှာ ဆေးလ်ဗား၊ ပွဲချိန် ၂၉ မိနစ်မှာ ယာအိုမာရီယို၊ ပွဲချိန် ၃၅ မိနစ်နဲ့ ပွဲချိန် ၅၀ မိနစ်တို့မှာ ရာဖာတို့က အသီးသီး သွင်းယူပေးခဲ့တာပါ။

ဂျူဗင်တပ်စ်အသင်းအတွက် ချေပဂိုးတွေကိုတော့ ပွဲချိန် ၂၁ မိနစ်မှာ ကိန်း၊ ပွဲချိန် ၇၇ မိနစ်မှာ မီလစ်ခ်၊ ပွဲချိန် ၇၉ မိနစ်မှာ အမ်စီကန်နီတို့က သွင်းယူပေးခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ဒီရှုံးပွဲကြောင့် အီတလီစီးရီးအေကလပ်အသင်းတွေထဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ပထမဦးဆုံး ထွက်ခွာခဲ့ရတဲ့ အသင်း တစ်သင်း ဖြစ်လာခဲ့တာပါ။

ချန်ပီယံလိဂ်အုပ်စု ပွဲစဉ်(၅) အပြီးမှာတော့ ဘိုင်ယန်မြူးနစ်၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီး၊ချဲလ်ဆီး ၊ PSG ၊ နာပိုလီ ကလပ်ဘရုဂေး ၊ ဒေါ့မွန် ၊ ဘင်ဖီကာ အပါအဝင် အသင်း ၉ သင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.