မော်လမြိုင်၊ အောက်တိုဘာ (၉)

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သူတို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက် လုပ်ဆောင်မှုတွေကို သတင်းရေးသား ဖော်ပြနေတဲ့ သတင်းသမားတွေကို ပုဒ်မမျိုးစုံတပ်ပြီး နှိပ်ကွပ်နေပေမယ့် စစ်တပ်ကို ဝါဒဖြန့်ချိပေးသူတွေ နဲ့ သတင်းပေးတွေကိုတော့ သတင်းသမားတွေအဖြစ် ပွဲထုတ်လာတယ်လို့ ဝါရင့် သတင်းစာဆရာတွေက ဝေဖန်လိုက်ပါတယ်။

စစ်တပ်က သတင်းသမားအများစုကို ဖမ်းဆီးတာ၊ နှစ်ရှည်ထောင်ဒဏ်ချတာ၊ တချို့သတင်းသမားတွေကို သတ်ပစ်တာတွေ လုပ်ဆောင်နေပြီး တစ်ဖက်မှာတော့ စစ်ကောင်စီရဲ့သတင်းစားရှင်းလင်းပွဲတွေမှာ သတင်းသမားအစစ်မဟုတ်သူတွေကို နေရာပေးလာနေတာပါ။

“ တချို့သတင်းဌာနတွေက မှုခင်းသတင်း အမည်ခံ သတင်းဌာနတွေ။ ဒီဌာနတွေက အမှုကိစ္စတွေမှာ ပွဲစားလုပ်တယ်ပဲ ပြောရ မယ်ပေါ့နော်။ အမှုကိစ္စဖြစ်နေရင် မီဒီယာမှာ ဖော်ပြပေးပြီး အမှုကိစ္စကို အသာ စီးရအောင်၊ ပြစ်ဒဏ်လျော့ပေါ့အောင် လွတ် အောင်လုပ်တယ်။ မီဒီယာကို အသုံးချပြီး အမှုကိစ္စတွေ လုပ်နေသူတွေ။ ၂၀၂၁ နောက်ပိုင်းမှာ အဲ့လိုသတင်းဌာနတွေက နေရာ ရလာကြတာပေါ့။ ကျင့်ဝတ်သိက္ခာနဲ့ ပရောဖက်ရှင်နယ် ဆန်အောင်လုပ်တဲ့ သတင်းဌာနတွေက အန္တရာယ်ကျရောက်လာ ကြတဲ့ အချိန်မှာ ဒီလူတွေက နေရာဝင်ယူပြီးလုပ်လာကြတာပေါ့”လို့ မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အတွင်းရေးမှူး (ဟောင်း) ဦးမြင့်ကျော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အတွက် မီဒီယာသမားတွေဟာ နှစ်ကာလအတော်ကြာ တောင်းဆိုနေခဲ့ရတာပါ။

၂၀၁၂ခုနှစ် စာပေစိစစ်ရေးကို ဖျက်သိမ်းပြီးနောက်ပိုင်းမှ စတင်ပြီး မီဒီယာလွတ်လပ်ခွင့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိလာချိန်မှာပဲ ရှစ်နှစ်ခန့်အကြာ ၂၀၂၁ခုနှစ်မှာ အာဏာသိမ်းခံလိုက်ရတာနဲ့အတူ မီဒီယာလွတ်လပ်ခွင့်ပါ ပျောက်ဆုံးသွားခဲ့ရပါတယ်။

စစ်ကောင်စီက မကြာခဏပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတွေမှာ တက်ရောက်နေတဲ့ မီဒီယာစာရင်းတွေအရ အစိုးရနှစ်ဆက် လုံးနဲ့ ရုန်းကန်ခဲ့ရတဲ့ ပရိသတ်သိတဲ့ မီဒီယာတွေ မပါရှိတော့ပဲ လက်ရှိအာဏာသိမ်းစစ်ကောင်စီနဲ့ လက်ဝါးချင်းရိုက်ထားတဲ့ မီဒီယာတွေသာ ပါရှိတော့တယ်လို့လည်း ဝါရင့်သတင်းထောက်တွေက ထောက်ပြခဲ့တာပါ။

“စစ်တပ်သတင်းစာရှင်းလင်းပွဲမှာ တက်နေပါတယ်ဆိုတဲ့ မီဒီယာစာရင်းတွေကို သေချာပြန်ကြည့်လိုက်ပါ။ စတင်ရုန်းကန်ခဲ့ရတဲ့ အရပ်သားအစိုးရ နှစ်ဆက်လုံးမှာ တွေ့ခဲ့ရတဲ့ ရုန်းကန်ခဲ့ရတဲ့ မီဒီယာဌာန ဘယ်နခုပါ ပါသလဲ။ အဲဒီအချိန်ကတည်းက စာဖတ်ပ ရိသတ်သိနေတဲ့ မီဒီယာဘယ်နှစ်ခုပါပါသလဲ။ သူတို့ အခုအချိန်မှ ပေါ်ပေါက်လာတဲ့ ဝါဒဖြန့်၊ ကိုယ့်ဖဲကိုယ်ချိုး ကိုယ့်ကုလား ဖန်ကိုယ်ထိုးဆိုတဲ့ စည်းဝါးရိုက်ပေါ်ပေါက်လာတဲ့ မီဒီယာတွေဖြစ်ပါတယ်။ သူတို့ကို မီဒီယာသမားလို့ ကျွန်တော်တို့ လုံးဝမသတ်မှတ်ပါဘူး” လို့ ဝါရင့်သတင်းထောက် တစ်ဦးကဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီက သတင်းသမား ၆၀ကျော်ကိုဖမ်းဆီးခဲ့ပြီး အဲဒီထဲက ၃ဦးအသတ် ခံရကာ ၂၅ယောက်ကျော်ကို ထောင်ချခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ အာဏာသိမ်းခံရမှု အခြေအနေကို လာရောက် သတင်းယူတဲ့ နိုင်ငံခြားသတင်းထောက်၃ဦးကိုလည်း ဖမ်းဆီးခဲ့ကာ ၂ဦးကိုထောင်ချခဲ့ပြီး တစ်ဦးကို‌တော့ ပြန်လွှတ်ပေးခဲ့ပါတယ်။

စစ်ကောင်စီဟာ အာဏာသိမ်းကာလတစ်နှစ်ကျော်ကြာလာချိန်မှာ အွန်လိုင်းမီဒီယာတွေကို ထိန်းချုပ်ဖို့ကြိုးစားလာသလို မြေပြင်အခြေအနေကို ထိန်းချုပ်ဖို့အတွက်လည်း ဝါဒဖြန့်ယန္တရားတစ်ခုကို တည်ဆောက်ဖို့ ကြိုးစားလာနေတာပါ။

ဒါပေမဲ့လည်း စစ်တပ်ရဲ့ ဝါဒဖြန့် မီဒီယာတွေဟာ ဆိုရှယ်မီဒီယာပလက်ဖောင်းတွေကနေမကြာခဏ ဖြုတ်ချခံနေရပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံမှာ သတင်းအချက်အလက်အတွက် လူသုံးအများဆုံးဖေ့စ်ဘွတ်ခ်ကို အစားထိုးမယ့် လူမှုကွန်ရက်ကို ဖော်ဆောင်သွားမယ်လို့ မကြာခဏဆိုသလို ပြောကြားထားတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.