ထိုင်းနိုင်ငံမှာ သီတင်းပတ် ၂၀ ရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို ဥပဒေအရ ခွင့်ပြု

0
5115

ဘန်ကောက် – စက်တင်ဘာ(၂၉) 

ထိုင်းနိုင်ငံမှာ ရက်သီတင်းပတ် ၂၀ အထိ သက်တမ်းရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းကို တရားဝင်ခွင့်ပြုပေးမယ်လို့ ထိုင်းအစိုးရက စက်တင်ဘာလ ၂၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်တွေ အတွက်လည်း အရင်က သတ်မှတ်ထားတဲ့ ဆေးကုသမှုဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ လျော့ချပေးသွားဖို့ ရှိနေတာပါ။

ဗုဒ္ဓဘာသာဝင် အများဆုံးနေထိုင်တဲ့ ထိုင်းနိုင်ငံအတွင်း ကိုယ်ဝန်ဖျက်ချခြင်းဟာ တရားမဝင်တဲ့ အခြေအနေဖြစ်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ်အတွင်း သန္ဓေသား ၂၀၀၀ ခန့်ကို  တရားမဝင် ခိုးပြီးဖျက်ချတဲ့ ကိစ္စရပ်တွေ ပေါ်ထွက်လာခဲ့ပါတယ်။

ဒါကြောင့်လည်း ရက်သီတင်းပတ် ၂၀ အထိရှိတဲ့ ကိုယ်ဝန်များဖျက်ချခြင်းကို ဥပဒေကြောင်းအရ ခွင့်ပြုမှာဖြစ်တယ်လို့ အစိုးရ က အင်္ဂါနေ့မှာ ကြေညာခဲ့ပြီး ဒီလိုဖျက်ချခြင်းဟာ ရာဇဝတ်မှု မမြောက်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချခြင်းကို တရားမဝင်အခြေအနေလို့ သတ်မှတ်ထားတဲ့ အရင် အချိန်ကာလတွေမှာတော့ ကိုယ်ဝန်ဖျက်ချခဲ့ပါက ထိုင်းဘတ် ငွေတစ်သောင်း ၊ သို့မဟုတ် ထောင်ဒဏ် ၆လ၊ ဒါမှမဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ရော နှစ်မျိုးလုံးကို ကျခံစေတဲ့ အထိ သတ်မှတ်ထားခဲ့တာပါ။

ထိုင်းတော်ဝင်ဂေဇက်ရဲ့ တနင်္လာနေ့ ထုတ်ပြန်ချက်အရ ၁၂ ပတ်အထိရှိတဲ့ ကိုယ်ဝန်များဖျက်ချခြင်း ကို အသေးစိတ်ဖော်ပြထား ပြီး ရက်သီတင်းပတ် ၂၀ အထိရှိသော ကိုယ်ဝန်များကို ဖျက်ချလိုပါက သတ်မှတ်ချက်များအတိုင်း လိုက်နာနိုင်ရန်လိုအပ်တယ် လို့ ဖော်ပြထားခဲ့ပါတယ်။

ကိုယ်ဝန်ဖျက်ချလိုသူတွေ အနေနဲ့တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်များကို တိုင်ပင်ရန်လိုအပ်တယ်လို့ ပါရှိပြီး အဲဒီဥပဒေ အသစ်ဟာ အကြောင်းကြားစာထုတ်ပြန်ပြီး ရက်ပေါင်း ၃၀ အတွင်း အသက်ဝင်မှာလည်း ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.