မော်လမြိုင် ၊ ဇန်နဝါရီ (၁)

 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို အာဏာသိမ်း စစ်တပ်ကသာ ချိူးဖောက်ခဲ့တာလို့ ကရင်အမျိုးသားအစည်းအရုံး KNU  နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

NCA လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သဘောတူ စာချုပ်ပါ ကတိကဝတ်တွေကို လိုက်နာဆောင်ရွက်ကြဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ ဒီဇင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အပေါ် တုန့်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်အရ အပစ်ရပ်လက်မှတ်ထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ လက်အောက်ခံအဖွဲ့အစည်းတွေအပေါ်မှာ စာချုပ်ပါစည်းကမ်းတွေ လိုက်နာအောင် ထိန်းသိမ်းဖို့နဲ့ စာချုပ်ပါစည်းကမ်းတွေကို ကျူးလွန် ချိုးဖောက်တာတွေရှိရင် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာတုံ့ပြန်မှုတွေကိုလုပ်မယ်လို့ စစ်ကောင်စီက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာကို မဖြေရှင်းဘဲ လက်နက်အားကိုးပြီး အာဏာသိမ်းလိုက်ကတည်းက NCA စာချုပ်ကို စစ်တပ်ကသာ ချိုးဖောက်ခဲ့တာဖြစ်တယ်လို့ KNU  နိုင်ငံခြားရေးဌာန တာဝန်ခံ ပဒိုစောတောနီးက ထုတ်ပြန်ချက်အပေါ် တုန့်ပြန်ပြောဆိုပါတယ်။

“ အကြမ်းဖက်ပြီး အာဏာသိမ်းလိုက်ကတည်းက ဒီအခြေခံမှုကို သူတို့ချိုးဖောက်လိုက်ပြီး ခင်ဗျ။ စာချုပ်မှာ အခန်း(၇)ခန်းရှိတယ် တစ်ခန်းမှလည်း မလိုက်နာဘူး။ အကုန်ဖောက်ဖျက်ပြီးသားပဲ။ ကျွန်တော်တို့ ဆွေးနွေးတာလည်း ဝနေပြီး ၊ ပါးစပ်တွေလည်း ညောင်းနေပြီး ။ သူတို့ရဲ့ သဘောထားကိုက ကလိမ်ကကျစ်ပဲ။ တောက်လျှောက်အနိုင်ကျင့်နေမှာပဲ ။ နောက်ဆုံးတော့ စစ်အာဏာ သိမ်းတာပဲ” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက စာချုပ်မလိုက်နာရင် လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆောင်ရွက်မယ်ဆိုတဲ့ ပြောဆိုချက်အပေါ်  KNU ကတော့ နယ်မြေထဲ ဝင်ကျူးကျော်ဝင်လာရင် မိမိကိုယ်ကို ခုခံကာကွယ်ပိုင်ခွင့် အပြည့်အဝ ရှိတယ်လို့ တုန့်ပြန်ပါတယ်။

 တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တိုင်းရင်းသားလက်နက်အဖွဲ့ ၁၀ ဖွဲ့က လက်မှတ်ရေးထိုးထားတာ ဖြစ်ပါတယ်။

 ကရင်ပြည်နယ်၊ လေးကေကော်မြို့သစ်မှာတော့ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုပါ လုပ်ဆောင်နေပါတယ်.

 အဲဒီတိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံ အပါအဝင် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ရှောင်ပြည်သူ ၁၀၀၀၀ ကျော်ထိ ရှိလာပြီး ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.