မော်လမြိုင် ၊ ဇန်နဝါရီ (၁)

 မွန်ပြည်နယ်မှာတော့ အခုဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်အတွင်း ဆောင်ရွက်တဲ့ ဒေသန္တရ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကသာ တင်ဒါ အများဆုံး ရရှိနေတယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။

 သံလွင်တိုင်းမ်က ရရှိထားတဲ့ အချက်အလက်တွေအရ မော်လမြိုင်ခရိုင် လမ်း၊တံတားတည်ဆောက်ရေးလုပ်ငန်းတွေထဲမှာ ငွေမိုး ဦးမိုးကျော်လို့ လူသိများတဲ့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ စုန်ရေရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုတည်းကပဲ လုပ်ငန်း တင်ဒါ ၃ ခုအထိ ရရှိထားတာပါ။

ဒါ့အပြင် တင်ဒါအောင် ကုမ္ပဏီအများစုကလည်း စစ်တပ် အာဏာသိမ်းပြီးမှ အသစ်တည်ထောင်ထားတဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။

မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးကတော့ တင်ဒါလုပ်ငန်းတွေဟာ ငွေကြေးထုတ်ယူရာမှာ အခက်အခဲ ရှိတဲ့အတွက် ငွေကြေး စိုက်ထုတ်နိုင်သူတွေနဲ့ လုပ်ငန်း အချိန်မီ ပြီးစီးအောင် လုပ်ဆောင်နိုင်သူတွေကို ဦးစားပေး ရွေးချယ်ခဲ့တယ်လို့ ပြောပါတယ်။

 “ကျွန်တော်တို့ကတော့ အဓိကတော့ ကာလတို ဖြစ်တဲ့အတွက် ကြောင့်မို့လို လုပ်ငန်းတွေလည်း အချိန်မီ ပြီးအောင် ကျွန်တော်တို့ကတော့ များသောအားဖြင့် ဒီကုမ္ပဏီတွေကို အကုန်လုံး မျှမျှတတ ဖြစ်အောင်တော့ ကျွန်တော်တို့ အဓိက စဉ်စားပြီး ရွေးချယ်တာပေါ့၊ ငွေကြေးလည်း ဒီမှာ သူက အခု ငွေထုတ်ယူမှု အခက်အခဲ တွေကြောင့် ငွေကြေး စိုက်လုပ်ရတဲ့ ဟာတွေလည်း ရှိတာကို၊ ငွေကြေးပိုင်း ဆိုင်ရာလည်း စိုက်ပြီးတော့ လုပ်နိုင်တဲ့ ကုမ္ပဏီမျိုးလည်း ဖြစ်ရမယ်၊ အချိန်မီ ပြီးအောင်လည်း လုပ်နိုင်တဲ့ ကုမ္ပဏီ မျိုးလည်း ဖြစ်ရမယ်၊ စိတ်ချရတဲ့ ကုမ္ပဏီပေါ့၊ အဲ့တာမျိုးကို အဓိက စဉ်းစားပြီးတော့ ကျွန်တော်တို့က စဉ်စားပြီး ရွေးချယ်တာ များတယ်၊ နောက် ကုမ္ပဏီတွေကိုလည်း မျှမျှတတ ဖြစ်အောင် ကျွန်တော်တို့က တစ်ဦးထဲကို အများကြီး ပေးတာမျိုးလည်း မလုပ်ဘူး”လို့ ပြောပါတယ်။

ဒါ့အပြင် တင်ဒါ ရွေးချယ်မှု လုပ်ငန်းစဉ်ကို နိုင်ငံတော်သမ္မတရုံး ညွှန်ကြားချက်ဖြစ်တဲ့ ၁/၂၀၁၇ နဲ့အညီ တရားဝင် တင်ဒါ ခေါ်ယူပြီးမှ ရွေးချယ်ခဲ့တာလို့ သူက ဆက်လက် ပြောပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တွေကတော့ တင်ဒါတွေကို စစ်ကောင်စီနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေကိုသာ ချပေးနေတဲ့အပြင် အရင်လို လွှတ်တော်က မစိစစ်နိုင်တာကြောင့် လုပ်ငန်းပိုင်းမှာ အားနည်းမှုတွေ ရှိနိုင်တယ်လို့ ပြောကြပါတယ်။

“နီးစပ်ရာ ဘာညာ ပေးတယ်ဆိုတာကလည်း ဖြစ်နိုင်တာပေါ့နော် အရင်တုန်းကလည်း ရှိခဲ့တယ် အခုလည်း ရှိနိုင်တာပဲပေါ့နော်၊ သူတို့ စရိတ် ကျန်အောင် လောဘတက်ပြီး လုပ်ရင်တော့ အဓိကကတော့ ဟိုလူ့ပေး ဒီလူ့ပေးတာထက် ဘာလည်းဆိုတော့ ကြပ်မတ်မှု အပိုင်း လိုတာပေါ့နော်၊ အရင်လိုပေါ့နော် လွှတ်တော်တို့ ဘာတို့နဲ့ ကြပ်မတ်နိုင်တယ် ဆိုရင်တော့ ပိုကောင်းတာပေါ့၊ မဟုတ်ဘဲနဲ့ ဆိုရင်တော့လည်း ဘယ်လောက်ပဲ နည်းနည်း ရှိတဲ့ကုမ္ပဏီပဲ ဖြစ်ဖြစ် နည်းနည်း ပေါ့တာပေါ့နော် လုပ်တာ နည်းနည်း ပေါ့နိုင်တာပေါ့”လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

 ဒါ့အပြင် စစ်ကောင်စီရဲ့ တင်ဒါလုပ်ငန်းအတွက် ကုမ္ပဏီ ရွေးချယ်ရာမှာလည်း အရင်လို မဟုတ်ဘဲ ဘယ်လို လုပ်ထုံးလုပ်နည်းတွေနဲ့ ရွေးချယ်လဲဆိုတာ မသိရတဲ့အတွက်ကြောင့် ပွင့်လင်းမြင့်သာမှု မရှိဘူးလို့ ဆိုပါတယ်။

 မွန်ပြည်နယ်မှာတော့ အခုဘဏ္ဍာရေးနှစ် မီနီဘတ်ဂျက်အတွင်း တင်ဒါခေါ်ယူမှု လုပ်ငန်း အနေနဲ့ လမ်းတံတား ပြုပြင်တာတွေ ၊ အဆောက်အဦး ဆောက်လုပ်တာတွေနဲ့ ဈေးတချို့ ပြုပြင်တာတွေကို အများဆုံး တင်ဒါခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.