လွှတ်တော် ကတိကဝတ်တွေအား အစိုးရရဲ့ အကောင်အထည်ဖော်မှု တစ်ဝက်တောင် မရှိ

0
9593

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂)

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ကတိဝင် မေးခွန်း အဆိုတွေအပေါ် အစိုးရရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုဟာ (၅၀) ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ အဆို (၄၈)ခု တင်သွင်းခဲ့ပြီး (၄၃)ခုကို လွှတ်တော်က အတည်ပြုထားပါတယ်။

တင်သွင်းခဲ့တဲ့အဆိုတွေမှာ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွေ ၊ တရားဥပဒေစိုးမိုးရေးတွေ ၊ မူးယစ်ဆေးဝါး အန္တာရယ် တားဆီးကာကွယ်ရေးနဲ့ ပတ်သက်တဲ့ အဆိုတွေ ပါဝင်နေပါတယ်။

အတည်ပြုထားတဲ့ အဆိုတွေအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုက အားနည်းနေပြီး လက်ရှိအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်ပေးတာ (၄၀) ရာခိုင်နှုန်း ဝန်ကျင်သာ ရှိသေးတယ်လို့ ဆိုပါတယ်။

” ဒီအဆိုတွေအပေါ်မှာ အတည်ပြုခဲ့သော်ငြားလဲ ဆောင်ရွက်မှုအပိုင်းပြန်ကြည့်တဲ့အခါကျတော့  ရာနှုန်းပြည့်တော့ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘူး။ကျွန်တော်တို့ ဒီဘက် လွှတ်တော်က လွှတ်တော်ဥက္ကဋ္ဌ ရေးရာကော်မတီတွေ အကုန်လုံးဆွေးနွေးသုံးသပ်ပြီးတော့ အကောင်အထည်ဖော်နိုင်မှုက ကျွန်တော်တို့ ခန့်မှန်းတာကတော့ ၄၀ ရာခိုင်နှုန်းလောက်ပဲရှိမယ် ထက်ဝက်တော့မကျိုးဘူး ဒါလေးတော့ မြင်ထားတာပေါ့” ဟု လွှတ်တော် ဒု-ဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမှာ မေးခွန်း (၆၀၉) ခုမေးမြန်းခဲ့ပြီး ကြယ်ပွင့်ပြ မေးခွန်း (၅၉၃) ခုနဲ့ ကြယ်ပွင့်မပြ မေးခွန်း (၁၆)ခု ရှိတယ်လို့ လွှတ်တော်မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

အဆိုပါ ကတိဝင်ထားတဲ့ မေးခွန်းတွေအပေါ်မှာလည်း အစိုးရရဲ့ အကောင်အထည်ဖော်မှုဟာ တစ်ဝက်တောင် မရှိဘူးလို့ လွှတ်တော် ဒု-ဥက္ကဋ္ဌက ပြောပါတယ်။

လက်ရှိ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းကတော့ လာမည့် ဖေဖော်ဝါရီလဆန်းပိုင်းမှာ ကုန်ဆုံးတော့မှာ ဖြစ်ပြီး လက်ရှိ အစိုးရသက်တမ်းကတော့ လာမည့် မတ်လ (၃၁)ရက်နေ့မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

တတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းကိုတော့ ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ကျင်းပဖို့ လျာထားပြီး လွှတ်တော်အကြီးအကဲတွေကို ရွေးချယ်ခန့်အပ်သွားမှာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.