ဥပဒေများအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ပြော

0
9731

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၃)

မွန်ပြည်နယ်လွှတ်တော်က ပြဌာန်းလိုက်တဲ့ ဥပဒေတွေအပေါ် အစိုးရရဲ့ အကောင်အထည်ဖော်မှုကို အားမရဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း (၅)နှစ်နီးပါးမှာ ဥပဒေအချို့ကို အသစ်ရေးဆွဲထားသလို ပြင်ဆင်ဖြည့်စွက်ထားတဲ့ ဥပဒေတွေလည်း ရှိနေပါတယ်။

အဲ့ဒီထဲမှာ စည်ပင်သာယာရေးဥပဒေကို ၂၀၁၇ ခုနှစ်မှာ မွန်ပြည်နယ်လွှတ်တော်က အတည်ပြု ပြဌာန်းခဲ့ပေမယ့် မွန်ပြည်နယ်အစိုးရကတော့ အခုချိန်ထိ နည်းဥပဒေတွေကို အတည်မပြုရသေးပါဘူး။

ဒါ့အပြင် ဥပဒေအရ မဖြစ်မနေ အကောင်အထည်ဖော်ရမယ့် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲကိုလည်း အစိုးရသက်တမ်း ကုန်ခါနီးအထိ မကျင်းပသေးတဲ့အပေါ် အားမရဘူးလို့ လွှတ်တော်ဥက္ကဋ္ဌက အခုလို ပြောပါတယ်။

“ဥပဒေပြဌာန်းတာက လွှတ်တော်က လက်လွတ်စပယ်မလုပ်ပါဘူး ရှိရင်း ဥပဒေကို ကြည့်တယ် ခေတ်စနစ်နဲ့ မညီဘူးဆိုရင် ဒီဥပဒေတွေက ပြည်သူတွေအတွက် အကျိုးနည်းမယ် အကျိုးမရှိဘူးဆိုရင် ကျွန်မတို့က ပြင်ဆင်ဖို့ ဖြည့်စွက်ဖို့ အသစ်ရေးဆွဲဖို့ ကျွန်မတို့မှာ လုပ်ပိုင်ခွင့်ရှိတယ်လေ အဲ့နေရာမှာ အစိုးရဘက်က ဥပမာ အများသိတဲ့အတိုင်းပဲ ၂၀၁၇ ခုနှစ်ကတည်းက စည်ပင်ဥပဒေကို ရေးဆွဲခဲ့တယ် အစိုးရဘက်က နည်းဥပဒေ မထုတ်ပြန်ဘူး နည်းဥပဒေမထုတ်ပြန်တော့ ကျွန်မတို့က ခနခနတိုက်တွန်းတယ် ခနခန မေးခွန်တွေလည်းတင်ပါတယ် အားလုံးသိတဲ့အတိုင်းပဲ အဲ့တော့ အစိုးရဘက်က ယနေ့တိုင် နည်းဥပဒေမဆွဲသေးပါဘူး အစိုးရသက်တမ်းလည်း မကြာခင်ပြီးဆုံးတော့မှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

စည်ပင်ဥပဒေအရ စည်ပင်သာယာရေးကော်မတီတွေကို ရွေးချယ်ဖွဲ့စည်းရမှာဖြစ်ပေမယ့် အစိုးရသက်တမ်း ကုန်ခါနီးအထိ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေကို မကျင်းပသေးတာပါ။

အခုလို အခြေအနေတွေဟာ လွှတ်တော်နဲ့အစိုးရအကြားမှာ အပြန်အလှန်ထိန်းကြောင်းမှု ပျက်ယွင်းနေပြီး အာဏာသုံးရပ် မျှဝေရာမှာ အစိုးရက အထက်စီးမှာ နေနေတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်ဇော်ထွန်းက ပြောပါတယ်။

“လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေတွေကို အသုံးမပြုဘူး ရှင်းရှင်းပြောရရင် တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ထိန်းကျောင်းမှုက ပျက်ယွင်းနေတယ်လို့ မြင်တယ်။လွှတ်တော်က ဘာဥပဒေတွေပဲ ပြဌာန်းပြဌာန်း ငါတို့သုံးမှဖြစ်တယ် ဆိုတာမျိုးက အာဏာကြီး သုံးရပ်ကို မျှဝေရာမှာ အစိုးရက အထက်စီးမှာ နေနေတဲ့ သဘောကို တွေ့ရတယ်”လို့ ဆိုပါတယ်။

မွန်ပြည်နယ်အစိုးရအနေနဲ့ စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲတွေကို မကျင်းပနိုင်သေးတဲ့အပေါ် စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီးကို ဖုန်းနှင့်ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းမှာတော့ စည်ပင်သာယာရေးဥပဒေ ၊ စည်ပင်သာယာ အခွန်အခကောက်ဥပဒေ ၊ လျှပ်စစ်ဥပဒေ ၊ စာကြည့်တိုက်ဥပဒေ ၊ ငါးလုပ်ငန်းဥပဒေ တို့ကို အသစ်ရေးဆွဲတာနဲ့ ပြန်လည် ပြင်ဆင်တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.