၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြီးစီးခဲ့ပြီး ယခု နိုဝင်ဘာလ(၁၁)ရက်နေ့တွင် ရွေးကောက်ပွဲရလဒ်များကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အတည်ပြုထုတ်ပြန်နေပြီဖြစ်ပါသည်။
မွန်ပြည်နယ်၏ ရွေးကောက်ပွဲရလဒ်နှင့် ပတ်သက်ပြီး ကိန်းဂဏန်းအချက်အလက်အချို့ကို ဖော်ပြလိုပါသည်။၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်တဝှမ်းရှိ မြို့နယ် (၁၀)မြို့နယ်တွင် မဲဆန္ဒနယ် (၄၅)နေရာသတ်မှတ်ခံခဲ့ရပြီး နိုင်ငံရေးပါတီ (၁၆)ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းစုစုပေါင်း (၂၅၇)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
(မှတ်ချက် – မူလက (၁၇)ပါတီဖြစ်ပြီးညီညွတ်သောဒီမိုကရက်တစ်ပါတီဖျက်သိမ်းခံခဲ့ရသဖြင့် ၁၆ ပါတီသာကျန်ရှိခြင်းဖြစ်သည်)
ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် (၄၅)နေရာအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၃၄)နေရာအနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက (၁၁)နေရာအနိုင်ရရှိခဲ့သည်။
ပြည်သူ့လွှတ်တော်အတွက် မဲဆန္ဒနယ် (၁၀)နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၈)နေရာအနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက (၂)နေရာအနိုင်ရရှိခဲ့သည်။
အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၁၂)နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၉)နေရာအနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက (၃)နေရာအနိုင်ရရှိခဲ့သည်။

ပြည်နယ်လွှတ်တော်အတွက် မဲဆန္ဒနယ် (၂၀)နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၁၄)နေရာအနိုင်ရရှိခဲ့ပြီး မွန်ညီညွတ်ရေးပါတီက (၆)နေရာအနိုင်ရရှိခဲ့သည်။
တိုင်းရင်းသားလူမျိုးရေးရာအတွက် မဲဆန္ဒနယ် (၃)နေရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က (၃)နေရာစလုံးအနိုင်ရရှိခဲ့သည်။
စုစုပေါင်းမဲဆန္ဒနယ် (၄၅)နေရာတွင် အမျိုးသားကိုယ်စားလှယ် (၃၃)ဦး (၇၄) ရာခိုင်နှုန်း ရွေးချယ်ခံရပြီး အမျိုးသမီးကိုယ်စားလှယ် (၁၂)ဦး (၂၆)ရာခိုင်နှုန်းရွေးချယ်ခံခဲ့ရသည်။
လူငယ်အမျိုးသားကိုယ်စားလှယ်(၂)ဦး (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)လည်းရွေးချယ်ခံခဲ့ရသည်။
မသန်စွမ်းအမျိုးသားကိုယ်စားလှယ်(၁)ဦး (မွန်ညီညွတ်ရေးပါတီ)လည်း ရွေးချယ်ခံခဲ့ရသည်။
၂၀၂၀အထွေထွေရွေးကောက်ပွဲတွင် မွန်ပြည်နယ်တဝှမ်းဆန္ဒမဲပေးခွင့်ရှိသူပေါင်း (၁၈၄၇၇၈၀)ဦးရှိပြီး မဲပေးသူပေါင်း (၁၀၇၉၂၆၅)ဦးရှိကာ မဲပေးသူရာခိုင်နှုန်း (၅၈)ရာခိုင်နှုန်းအထိ ရှိခဲ့သည်။
သံလွင်တိုင်းမ်သတင်းဌာန

