မော်လမြိုင်၊ စက်တင်ဘာ ၇

ပြည်တွင်းအခွန်များဦးစီးဌာန အောင်ဘာလေသိန်းဆုဌာနခွဲမှ ၅၀၀ ကျပ်တန်ထီလက်မှတ်များကို ထုတ် ဝေရောင်းချရန် စီစဉ်နေပြီး ဝယ်ယူရောင်းချလိုသူများ၊ ထီကိုယ်စားလှယ်များအနေဖြင့် သက်ဆိုင်ရာ ဒေသ အလိုက် လျှောက်လွှာများကို မြို့နယ်အခွန်ဦးစီး ဌာနရုံးများမှတဆင့် အောင်ဘာလေသိန်းဆုဌာနခွဲသို့ ပေးပို့

လျောက်ထားနိုင်ပြီဟုသိရသည်။

“အခုလောလောဆယ်တော့ အရောင်းကိုယ်စားလှယ်စာရင်း လျောက်လွှာတင်ပြဖို့ညွှန်ကြား လာပါ တယ်။ စက်တင်ဘာလ(၃၀)ရက်နေ့ နောက်ဆုံးပြန်တင်ပြပေးရမှာပါ။ ၂၀၁၇ ဖေဖေါ်ဝါရီလမှာ စတင်ဖြန့်ဝေ သွားမှာဖြစ်ပါတယ်။ ၂၀၁၇ ဧပြီ(၁)ရက်နေ့မှာ စတင်ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်။ ဆုငွေနဲ့ပတ်သက်လို့ တိတိကျကျ ညွှန်ကြားမှုမရှိသေးပေမယ့် သိန်း(၁)သောင်းဆု အကြီးဆုံးဖြစ်မယ်လို့ကြားပါတယ်”ဟု မွန်ပြည် နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှလက်ထောက်ညွှန်ကြား ရေးမှုး ဒေါ်ချိုချိုဦးက ၅၀၀ကျပ်တန်ထီလက်မှတ်နှင့် ပတ်သက်၍ သံလွင်တိုင်းမ်သို့ပြောသည်။

အသစ်စတင်မည့် ၅၀၀ကျပ်တန် ထီလက်မှတ် စာအုပ်များတွင် အက္ခရာ၂၇လုံးနှင့် အရံထီ ၅လုံးအား ကက၊ ကခ၊ ကဂ၊ ကဃ၊ ကငတို့ဖြင့် ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း၊ ကျပ်၂၀၀တန်ထီလက်မှတ်များကိုလည်း ၃၃၉ ကြိမ်၊ ၃၄၀ ကြိမ်၊ ၃၄၁ကြိမ်တို့ အတွက် တစ်ကြိမ်လျှင် အက္ခရာ ၃လုံးစီ ဆက်ထုတ်ဝေ ရောင်းသွားပေး မည်ဖြစ်ကြောင်း ထို့နောက်ပိုင်းမှရပ်ဆိုင်းသွားမည်ဟု အထက်ပါထုတ်ပြန်ချက် အရသိရသည်။

ကျပ်(၅၀၀)တန်ထီလက်မှတ် ထုတ်ဝေပါက အခွန်ဦးစီးဌာနထုတ်ဝေမှုတွင် ထီလက်မှတ်တစ်အုပ်ကို (၁၁) စောင်ပါဝင်ပြီး အရောင်းကိုယ်စားလှယ်ထံမှ ကျပ်(၅၀၀၀)သာရယူမည်ဖြစ်ပြီး (၅၀၀)ကျပ်အမြတ်ကို ထီရောင်းသူ၏အမြတ်အဖြစ် သတ်မှတ်ပေးထားကြောင်းသိရသည်။

လက်ရှိတွင် (၂၀၀)ကျပ်တန်ထီလက်မှတ်များအားပြင်ပတွင် ၁၀စောင်တွဲ တစ်အုပ်ကို (၃၅၀၀)ကျပ် ဖြင့် ရောင်းချနေကြသဖြင့် (၅၀၀)ကျပ်တန်ထီတစ်စောင်ကို ပြင်ပ၌ အမြတ်များစွာတင်၍ ရောင်းချမည်ကို စိုးရိမ်မှုအချို့လည်းရှိနေသည်။
lottery-myanmar-mon-state
“အခု(၂၀၀)တန်ထီကို (၃၅၀)လောက်ပေးနေရတာဆိုတော့ (၅၀၀)တန်ဆိုရင် နှစ်ဆနီးပါး ပေးပြီး ထီထိုးရမယ်ဆိုရင် အဆင်မပြေဘူး။ ဘယ်လောက်နဲ့အပြင်မှာရောင်းကြမှလဲ။ အဲဒါလေးတော့သိချင်ပါတယ်”ဟု လစဉ်ထီ (၂၀၀၀၀)ကျပ်ဖိုးခန့်ထိုးနေသူ မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်မှ အသက်(၅၄)နှစ် အရွယ်ဦးနေဝင်း ကပြောသည်။

မိုးယံရွှေလမင်းနှင့်မြတ်ဆုကုဋေ မော်လမြိုင်ပင်ရင်းဆိုင်သို့သွားရောက်မေးမြန်းချက်အရ အစောင်(၄၀) ပါ ဂဏန်းတူ အက္ခရာစုံထီအုပ်တစ်အုပ်ကို (၉၇၅၀)ကျပ်ဖြင့် ဖောက်သည်ပေးရောင်းချသော်လည်း လက်လီပြန် ရောင်းသူများက အဆိုပါထီစာအုပ်တစ်အုပ်လျှင် (၁၁၀၀၀)ကျပ်ဖြင့် လက်လီပြန်ရောင်းကြကြောင်းသိရသည်။

လက်ရှိအောင်ဘာလေ(၂၀၀)ကျပ်တန်ထီမှာ အကြိမ်ရေ (၃၃၃)ကြိမ်မြောက်ဖြစ်ပြီး တစ်လတစ်ကြိမ် လဆန်းနေ့ရက်တွင် ဖွင့်လှစ်ပေးနေပြီး အမြင့်ဆုံးဆုငွေမှာ သိန်း(၁၅၀၀)ကျပ်ဖြစ်သည်ဟုသိရသည်။

အောင်ဘာလေသိန်းထီကို လွတ်လပ်ရေးမရမီ (၁၉၃၈)ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

သတင်း – ဝရဇိန် ပေါင်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.