အီရန်ကို ဗြိတိန်နဲ့ အမေရိကန်တို့ ပိတ်ဆို့အရေးယူမှုတွေပြုလုပ်

0
28

ဝါရှင်တန်၊ဧပြီ ၂၁

အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ဟာ အစ္စရေးကိုဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်နိုင်ငံကို အရေးယူ ပိတ်ဆို့မှုတွေပြုလုပ်မှာဖြစ်တယ်လို့ ဧပြီလ ၁၈ ရက်နေ့က ကြေညာခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံအခြေစိုက် အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရတဲ့အတွက် အစ္စရေးကို ဧပြီလ ၁၃ ရက်နေ့က ပထမဆုံးအကြိမ်တိုက်ရိုက်တိုက်ခိုက်ခဲ့တာပါ။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အီရန်ကိုအရေးယူပိတ်ဆို့မှုအသစ်အဖြစ် ပို့ကုန်ထိန်းချုပ်မှု တွေပြုလုပ်ပြီး တာဝန်ခံခိုင်းလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

အီရန်ရဲ့ အစ္စရေးကိုတိုက်ခိုက်မှုအတွင်း ဒရုန်းနဲ့ ဒုံးကျည် ၃၀၀ ကျော်အသုံးပြုခဲ့ပေမယ့် အများစု ကို အစ္စရေး၊အမေရိကန်နဲ့ ဗြိတိန်တို့အပါအဝင် မဟာမိတ်တွေက ကြားဖြတ်ပစ်ချနိုင်ခဲ့တဲ့ အတွက် ထိခိုက်မှုအနည်းငယ်သာရှိခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးအရာရှိတွေက အီရန်ကို ဘယ်အချိန်မှာလက်စားပြန်ချေမယ်ဆိုတာမပြောထားပေမယ့် အစ္စရေးစစ်ဦးစီးချုပ်ကတော့ တုန့်ပြန်သွားမှာဖြစ်တယ်လို့ ကြွေးကြော်ထားပါတယ်။ 

အမေရိကန်က အီရန်ရဲ့ မောင်းသူမဲ့ လေယာဉ်စီမံကိန်းနဲ့ ပတ်သက်တဲ့ လူ ၁၆ ဦးနဲ့ ကုမ္ပဏီ ၂ ခု ကိုအရေးယူပိတ်ဆို့လိုက်တယ်လို့ ဆိုထားပြီး ဒီအရေးယူပိတ်ဆို့မှုဟာ G-7 နိုင်ငံခြားရေးဝန်ကြီး တွေ အီတလီမှာ ဆွေးနွေးနေချိန်ထွက်ပေါ်လာတာပါ။

ဒါ့အပြင် ဗြိတိန်အစိုးရကလည်း အီရန်ရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး လူ ၇ ဦးနဲ့ ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။

အီရန်ရဲ့ အစ္စရေးကိုတိုက်ခိုက်မှုဟာ မဆင်မခြင်လုပ်ရပ်ဖြစ်ပြီး ပဋိပက္ခကိုမြင့်တက်စေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့က အီရန်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအတွင်း ဗိုလ်ချုပ် ၂ ဦး အပါအဝင် အီရန်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

Ref: AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.