သုံးလအတွင်း ဗီယက်နမ်စီးပွားရေး ၆ ရာခိုင်နှုန်းနီးပါး တိုးတက်

0
33

ဟနွိုင်း၊ မတ် ၃၀

ဗီယက်နမ်နိုင်ငံရဲ့ အသားတင်ပြည်တွင်းထုတ်ကုန်တန်ဖိုးဟာ ပြည်ပသို့ ကုန်တင်ပို့မှုအားကောင်း လာတာကြောင့် ပြီးခဲ့တဲ့နှစ်ကထက် ဒီနှစ်ပထမ သုံးလပတ်အတွင်း ၅ ဒသမ ၆၆ ရာခိုင်နှုန်း တိုးတက်လာတယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ပထမသုံးလပတ်အတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၃ ဒသမ ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဒီနှစ်မှာတော့ ဖွံ့ဖြိုးတိုးတက်မှုပိုမိုမြန်ဆန်ခဲ့တယ်လို့ ဆိုထားတာပါ။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ် စတုတ္ထသုံးလပတ်ကာလမှာ စီးပွားရေးဖွံ့ဖြိုးမှု ၆ ဒသမ ၇၂ ရာခိုင်နှုန်းရှိခဲ့ တာကြောင့် ဒီနှစ် ပထမသုံးလပတ်ထက် စီးပွားရေးဖွံ့ဖြိုးမှုဟာ အဲဒီကာလလောက်အားကောင်း တာမရှိဘူးလို့ သိရပါတယ်။

ပထမသုံးလပတ်ကာလတွေမှာ အများပြည်သူအားလပ်ရက်တွေပေါများတာကြောင့် စီးပွားရေး ဖွံ့ဖြိုးမှုဟာ အမြဲလိုလိုလျှော့နည်းလေ့ရှိတယ်လို့ သိရပါတယ်။

ဒေသဆိုင်ရာ ကုန်ထုတ်လုပ်ရေးစုရပ်ဖြစ်ပြီး စမတ်ဖုန်း၊အီလက်ထရွန်းနစ်ပစ္စည်းတွေနဲ့ အထည်အလိပ် အဓိက တင်ပို့တဲ့ ဗီယက်နမ်ဟာ ပြီးခဲ့တဲ့နှစ်က ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှုနဲ့ အတူ သတ်မှတ်ထားတဲ့ ရည်မှန်းချက်မပြည့်မီဖြစ်ခဲ့ပြီးနောက် စီးပွားရေးပြန်အားကောင်းအောင်လုပ်ဖို့ ကြိုးပမ်းနေတာပါ။

ဒီနှစ်မှာတော့ ဗီယက်နမ်အစိုးရက စီးပွားရေးဖွံ့ဖြိုးမှု ၆ ရာခိုင်နှုန်းကနေ ၆ ဒသမ ၆ ရာခိုင်နှုန်း အထိတိုးတက်လာဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။

ဗီယက်နမ်အထွေထွေစာရင်းဇယားရုံး GSO ရဲ့အစီရင်ခံစာမှာ ထုတ်လုပ်ရေးနဲ့ ဆောက်လုပ်ရေး နယ်ပယ်ဟာ ၆ ဒသမ ၂၈ ရာခိုင်နှုန်းနဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းနယ်ပယ်ဟာ ၆ ဒသမ ၁၂ ရာခိုင်နှုန်းတိုးတက်လာခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ပင်လယ်နီမှာ ဟူသီသူပုန်တွေရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘောနဲ့ ကုန်တင်ပို့မှုတွေ အနှောင့်အယှက် ရှိနေပေမယ့် ဗီယက်နမ်ရဲ့ ပထမသုံးလပတ် ကုန်တင်ပို့မှုတွေဟာ သိသိသာသာတိုးတက်လာခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ဗီယက်နမ်ကနေ ပြည်ပသို့ ကုန်တင်ပို့မှု ကုန်ကျစရိတ်ဟာ ၅၅ ရာခိုင်နှုန်းကနေ ၇၃ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီဖြစ်တယ်လို့ အသိပေးထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.