မော်လမြိုင် ၊ နိုဝင်ဘာ ၁၄
စစ်တပ် အသွင်ပြောင်း မွန်ပြည်နယ် အစိုးရရဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီးအသစ် ဗိုလ်မှူးကြီး ရဲထွဋ်ဟာ ပြည်နယ် လွှတ်တော်မှာ ကျမ်းသစ္စာကျိန်ဆိုပြီး ကတိသစ္စာပြု လက်မှတ်ရေးထိုးခဲ့ပါတယ်။
နယ်လုံဝန်ကြီးအသစ် ဗိုလ်မှူးကြီး ရဲထွဋ်ဟာ နိုဝင်ဘာ ၁၃ ရက်နေ့က ပြုလုပ်တဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ကျမ်းသစ္စာကျိန်းဆိုပြီး ကတိသစ္စာပြုလွှာပေါ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။
မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး အစားထိုး ခန့်အပ်တာဝန်ပေးအပ်မှုကို နိုဝင်ဘာ ၁၂ ရက်နေ့မှာ စစ်တပ် အသွင်ပြောင်း အစိုးရရဲ့ ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က လက်မှတ်ထိုး ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
မွန်နယ်လုံဝန်ကြီးအဖြစ် ဗိုလ်မှူးကြီး ရဲထွဋ်ကိုတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အရေးပေါ် အစည်းအဝေးမှာ ကန့်ကွက်သူမရှိ အတည်ပြုခန့်အပ်ခဲ့ပြီးနောက် အခုအခါမှာ ကျမ်းသစ္စာကျိန်းဆိုခဲ့တာပါ။
ဗိုလ်မှူးကြီး ရဲထွဋ်ဟာ တရားမဝင် ကုန်သွယ်မှုတွေမှာ လာဘ်စားမှုနဲ့ နာမည်ကြီးတဲ့ အရင်နယ်လုံ ဝန်ကြီးဟောင်း ဗိုလ်မှူးကြီး ကျော်စွာမြင့် နေရာကို အစားထိုး ဝင်ရောက်လာတာ ဖြစ်ပါတယ်။
အသက် ၄၉ နှစ်အရွယ် ဗိုလ်မှူးကြီး ရဲထွဋ်ဟာ အလုပ်သင် ဗိုလ်လောင်း အပတ်စဉ် ၂၅ သင်တန်းဆင်း ဖြစ်ပြီး မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှာ စစ်မှုထမ်း၊ အရန်အင်အားနဲ့ တွဲဖက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ရန်ကုန်တိုင်းလှည့်ကူးမြို့ ဇာတိဖြစ်တဲ့ မွန်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာ ဝန်ကြီးအသစ်ဖြစ်တဲ့ ဗိုလ်မှူးကြီး ရဲထွဋ်ရဲ့ ဖခင်ဟာ အာဏာသိမ်း စစ်တပ်ရဲ့ ဗိုလ်မှူး အငြိမ်းစား တစ်ဦးလည်း ဖြစ်ပါတယ်။
မွန်ပြည်နယ် နယ်လုံဝန်ကြီးအသစ် အပြောင်းအလဲ ဖြစ်လာခဲ့ပေမယ့် လောင်းကစားဝိုင်းတွေ ဆက်လက်ခွင့်ပြုထားတာ၊ အတင်းအဓမ္မ စစ်မှုထမ်း ဖမ်းဆီးနေတာ၊ ခိုးဆိုးလုယက်မှုတွေ အဖြစ်များတဲ့အပေါ် ဒေသခံပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

