ကျိုက်မရော၊ နိုဝင်ဘာ ၁၄
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ အာဏာသိမ်း စစ်တပ် ဝင်ရောက်တပ်စွဲထားတဲ့ တပ်စခန်း ၃ ခုကို တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရာမညမွန်တပ်တော် RMA က အသိပေးထုတ်ပြန်ပါတယ်။
ရာမညမွန်တပ်တော် RMA ဟာ နိုဝင်ဘာ ၁၂ ရက်နေ့ မနက် ၅ နာရီအချိန်လောက်မှာ တုံစိကျေးရွာ ဘိလပ်မြေစက်ရုံရှိ စစ်တပ်စခန်း၊ ကော့ဒွန်း-ကော့ပနော့လမ်းဆုံ ဂိတ်စခန်းနဲ့ တရနာကျေးရွာရှိ စစ်တပ်စခန်းတို့ကို တစ်ပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခဲ့တာပါ။
အဲဒီတပ်စခန်း ၃ ခု တိုက်ခိုက်မှုမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးသူ ၈ ဦး ရှိတယ်လို့ ရာမညမွန်တပ်တော် RMA က ထုတ်ပြန်ထားပေမယ့် သံလွင်တိုင်းမ်အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်တပ်စခန်းတွေ တိုက်ခိုက်ခံရပေမယ့် ထိခိုက်သေဆုံးမှု မသိရသေးကြောင်းနဲ့ ပစ်ခတ်မှု ဖြစ်ပြီးနောက် စစ်တပ်ဘက်က ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ရာမညမွန်တပ်တော် RMA ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ကလည်း ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ရှိ သံကလောင်၊ ဓမ္မသရွာနဲ့ ကော့ဘွီးရွာအခြေစိုက် စစ်တပ်စခန်းတွေကို ဒရုန်းနဲ့ဝင်ရောက်တိုက်ခိုက်ထားပါတယ်။
မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့ ရာမညမွန်တပ်တော် RMA ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးအပတ်ကလည်း ရေးမြို့နယ်နဲ့ကျိုက်မရောမြို့နယ်တို့ရှိ စစ်တပ်စခန်း နှစ်ခုကို ဝင်ရောက်တိုက်ခိုက်ထားပြီး တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-RMA

