တစ်လအတွင်း စစ်တပ်ဗုံးကြဲမှုကြောင့် အရပ်သား ၁၄၀ ကျော် သေဆုံး

မော်လမြိုင်၊အောက်တိုဘာ ၁၃

နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ တစ်လအတွင်း အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၁၄၅ ဦး သေဆုံးခဲ့တယ်လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ် ၁၆၁ ကြိမ်၊ တိုက်ခိုက်မှု အကြိမ်ရေ ၃၄၇ ကြိမ် ထက်မနည်း ကျူးလွန်ခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှု အများစုဟာ စစ်ကိုင်းတိုင်း၊ ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းတို့မှာ အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှု စုစုပေါင်းရဲ့ ၇၅ ရာခိုင်နှုန်းကျော်ဟာ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ်၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ အရပ်သား သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး အရပ်သား ၁၄၅ ဦး သေဆုံးခဲ့ပြီး ၃၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ MDSI က ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုအများစုဟာ Jet Fighter တိုက်လေယာဉ်ကို အဓိကအသုံးပြုခဲ့ပေမယ့် စစ်ဆင်ရေးနယ်မြေဒေသနဲ့ လေကြောင်းဗျူဟာ လိုအပ်ချက်အလိုက် Y-12၊ Mi-35၊ Paramotor၊ Gyrocopterနဲ့ အသေခံဒရုန်း စတဲ့လေကြောင်းတိုက်ခိုက်ရေး အမျိုးအစားတွေကို အသုံးပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း နိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၆၃ ဦး သေဆုံးခဲ့တယ်လို့ MDSI က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.