စစ်အစိုးရ တောင်းခံတဲ့ စံချိန်တင် ဘတ်ဂျက်ငွေကို လွှတ်တော် အတည်ပြု

နေပြည်တော်၊ နိုဝင်ဘာ ၁၃

စစ်တပ် အသွင်ပြောင်း အစိုးရ တောင်းခံလာတဲ့ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်ရဲ့ စံချိန်တင် ဖြည့်စွက်ဘတ်ဂျက်ရန်ပုံငွေကို မနေ့ နိုဝင်ဘာ ၁၂ ရက်နေ့ ကျင်းပတဲ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးမှာ အတည်ပြုခဲ့ပါတယ်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်ရဲ့ စံချိန်တင် ဖြည့်စွက်ဘတ်ဂျက်ရန်ပုံငွေကို လွှတ်တော် ကိုယ်စားလှယ် လေးဦးက ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ရာမှာ ထောက်ခံမဲ ၄၈၁ မဲ၊ ကန့်ကွက်မဲ ၁၉ မဲ၊ ကြားနေမဲ ၂၈ မဲနဲ့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

စစ်အစိုးရဟာ ၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ဘတ်ဂျက်ရန်ပုံငွေအဖြစ် ကျပ် ဘီလီယံ ၇၄၀၀ ကျော်အထိ တောင်းခံခဲ့တာ ဖြစ်ပြီး အဲဒီထဲမှာ ကာကွယ်ရေးအသုံးစရိတ်အဖြစ် ကျပ်ဘီလီယံ ၂,၅၀၀ ကျော် သုံးစွဲသွားမှာ ဖြစ်ပါတယ်။

စစ်အစိုးရဟာ အခုဘဏ္ဍာရေးနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ်ဘီလီယံ ၇,၉၅၀ ကျော် သုံးစွဲခွင့်ရရှိထားပြီးဖြစ်ပေမယ့် လေးလသာကျန်ရှိတော့တဲ့ ဖြည့်စွက်ဘတ်ဂျက်အဖြစ် ကျပ်ဘီလီယံ ၂,၅၀၀ ကျော် ထပ်မံတောင်းခံလာတာ ဖြစ်ပါတယ်။

၂၀၂၆ – ၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ စစ်အစိုးရ ကာကွယ်ရေး အသုံးစရိတ်ဟာ ကျပ်ဘီလီယံ ၁၀,၀၀၀ ကျော်အထိ မြင့်တက်လာပြီး ဒီပမာဏဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ လက်ထက်နဲ့ နှိုင်းယှဉ်ရင် လေးဆနီးပါး မြင့်တက်လာခဲ့ပါတယ်။

ပြည်သူတွေ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်နေတဲ့ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုအပေါ် ပြည်သူတွေအကြား ဝေဖန်မှုတွေ ရှိနေပါတယ်။

ကာကွယ်ရေးအသုံးစရိတ် စံချိန်တင် တောင်းခံထားတဲ့ စစ်အစိုးရဟာ ၂၀၂၆ ခုနှစ် ဧပြီကနေ ဩဂုတ်အထိ တပ်ချုပ်သစ်လက်ထက်မှာ ငါးလတာအတွင်း နိုင်ငံတဝန်း လေကြောင်းတိုက်ခိုက်မှု ၁၅၈၃ ကြိမ်ထက်မနည်း လုပ်ဆောင်ခဲ့တယ်လို့ သုတေသနအဖွဲ့ဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

အာဏာသိမ်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေ၊ ကျန်မာရေးနဲ့ ပညာရေး အဆောက်အဦးတွေကို အများဆုံး ပစ်မှတ်ထား ကျူးလွန်နေတာလို့ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုကြောင့် တစ်ကျော့ပြန်ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်အတွင်း ကာကွယ်ရေးအမည်ခံထားတဲ့ စစ်အသုံးစရိတ်အတွက် နိုင်ငံ့ဘတ်ဂျက်ကို တိုးမြှင့်သုံးစွဲမှု မြင့်တက်လာနေတဲ့အပေါ် အကြောက်တရားနဲ့ ရှင်သန်နေရတဲ့ ပြည်သူတွေအဖို့ နစ်နာနေရပါတယ်။

၂၀၂၁ အာဏာသိမ်းမှု ၅ နှစ်ကျော်အတွင်း စစ်အသုံးစရိတ်ကို လိုသလောက် ထုတ်ယူသုံးစွဲနေတဲ့ စစ်တပ်က လက်ရှိမှာ သူတို့ ဦးစီးကျင်းပခဲ့တဲ့ အပိုင်းလိုက်ရွေးကောက်ပွဲကနေ ပေါ်လာတဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ အဖြတ်အတောက်မရှိ ရယူနေဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.