ဖက်ဒရယ်အရေခြုံပြီး ဖွဲ့စည်းပုံအခြေပြု အာဏာရှင်စနစ်တည်တံ့အောင် စစ်အစိုးရ ကြိုးပမ်း

နေပြည်တော် ၊ နိုဝင်ဘာ ၁၄

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းတွေနဲ့ပတ်သက်လို့ လေ့လာသုံးသပ်ရေးနဲ့ ဥပဒေမူကြမ်းပြုစုရေးပူးပေါင်းကော်မတီကို ကန့်ကွက်သူမရှိ စစ်အစိုးရရဲ့ ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းအတည်ပြုလိုက်ပါတယ်။

နိုဝင်ဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ပြင်ဆင်ဖြည့်စွက်သင့်တဲ့ ၄၃ ချက်နဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊၂၊၃ တို့မှာ ပါတဲ့အချက်တွေအတွက် လေ့လာသုံးသပ်ဖို့နဲ့ ဥပဒေမူကြမ်းပြုစုဖို့ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၃၈ ဦးစီ အပါအဝင် တပ်ကိုယ်စားလှယ် ၁၄ ဦး စုစုပေါင်း အယောက် ၉၀ နဲ့ ဖွဲ့စည်းမှာဖြစ်ပြီး ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၊ အတွင်းရေးမှူးနဲ့ တွဲဖက်အတွင်းရေးမှူး တာဝန်တွေကို စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီက ဦးဆောင်ထားတာပါ။

ပူးပေါင်းကော်မတီရဲ့ သက်တမ်းကိုတော့ စတင်ဖွဲ့စည်းချိန်ကနေစပြီး ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာတင်သွင်းပြီးတဲ့အချိန်ကာလအထိ သတ်မှတ်ထားတယ်လို့ စစ်အစိုးရထိန်းချုပ်ထားတဲ့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေကနေ သိရပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုရင် ပြည်ထောင်စုလွှတ်တော်မှာ ဥပဒေကြမ်းကို တင်သွင်းရမှာဖြစ်ပြီး အဲဒီကနေ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် အဲဒီပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်က လက်ခံဆွေးနွေးရမှာပါ။

ဒါကြောင့် စစ်အစိုးရကြွေးကြော်နေတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် သဘောတူထားတဲ့ အချက်တွေကို လေ့လာသုံးသပ်ပြီး ဥပဒေမူကြမ်းရေးဆွဲကာ ဖွဲ့စည်းပုံပြင်ဆင်ရေးလုပ်ငန်းစဉ်တွေကို အ‌ကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်။

ပူးပေါင်းကော်မတီရဲ့ ဦးတည်ချက်တွေထဲမှာ နိုင်ငံရဲ့ တည်ငြိမ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ခေတ်စနစ်နဲ့ လျော်ညီအောင် တည်ဆောက်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်ရေး၊ တိုင်းရင်းသားမျိုးနွယ်စုတွေအကြား ယုံကြည်မှုတည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရေးနဲ့ ဒီမိုကရေစီစနစ် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်နိုင်ရေး ဖြစ်ပါတယ်။

အပစ်ရပ်ထိုး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ် ၇ ဖွဲ့ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက်နဲ့ပတ်သက်လို့ အဖွဲ့အချင်းချင်းကြားမှာ မရှင်းမလင်း ဖြစ်နေသေးတာရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း အချင်းချင်းကြားထဲမှာတောင်မှ မရှင်းမလင်းဖြစ်နေသေးတဲ့ ၄၃ ချက်ထဲမှာ ကျွန်တော်တို့ ဘယ်နှချက်ပါသလဲ ဘယ်အဖွဲ့က ဘယ်နှချက်ပါသလဲ ဒါတွေကို (ရှင်းရှင်းလင်းလင်း) မသိရှိနိုင်သေးတဲ့ အခြေအနေတစ်ခုအောက်မှာကတော့ အခုနက လုပ်ဆောင်နေတဲ့ ကော်မတီရဲ့ ကြိုးပမ်းအားထုတ်ဆောင်ရွက်မှုတွေက လွှတ်တော်တစ်ရပ်အနေနဲ့ သူလုပ်ရမယ့် လုပ်ရိုးလုပ်စဉ် လုပ်ငန်းတွေကို သမားရိုးကျ လုပ်ဆောင်နေတယ်လို့ပဲ ကျွန်တော်တို့ အဲဒီလို ပြောလို့ရပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ပြည်ထောင်စုသဘောတူစာချုပ်ကနေ ထွက်ပေါ်လာတဲ့ သဘောတူညီချက်တွေကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အစိုးရကြား ဘယ်လိုမျိုး ပူးပေါင်းလုပ်ဆောင်သွားမလဲဆိုတာ ဆွေးနွေးညှိနှိုင်းနေဆဲ အချက်တွေလည်း ရှိတယ်လို့ သူက အသိပေးပါတယ်။

ဒါကြောင့် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း ၁၊၂၊၃ တို့မှာပါရှိတဲ့ အချက်တွေကို ပူးပေါင်းကော်မတီကနေ ဘယ်လောက်အထိ အကောင်အထည်ဖော်လုပ်ဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်တယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့် မှတ်ချက်ပြုပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက် နဲ့ပတ်သက်လို့ အာဏာသိမ်းမှုအတွင်း စစ်‌ကောင်စီလက်ထက် ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ တွေ့ဆုံမှုတွေကနေ သဘောတူညီချက်တွေ ရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ခန့် သမ္မတ ဦးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းရရှိထားတဲ့ ၂၁ ချက်နဲ့ နိုင်ငံရေးပါတီများအစုအဖွဲ့နဲ့ ညှိနှိုင်းရရှိထားတဲ့ ၄၃ ချက်ကို ဇူလိုင် ၁ ရက်နေ့က ပြည်ထောင်စုလွှတ်တော်မှာ သဝဏ်လွှာပေးပို့ထားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ဖြည့်စွက်ဖို့ အဆိုပြုချက်တွေထဲမှာ နိုင်ငံ‌တော်ကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်‌ထောင်စုတည်ဆောက်မယ်ဆိုတဲ့အချက်ကို ထည့်သွင်းထားတာပါ။

တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်လွှတ်တော်တွေကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ် အခြေခံဥပဒေကို ရေးဆွဲပြဌာန်းခွင့်ရှိပေမယ့် ပြည်‌ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ဆန့်ကျင်ခြင်း မရှိရပါဘူး။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ နယ်နိမိတ်ကို ပြင်ဆင်ရာမှာလည်း နယ်နိမိတ်နဲ့ အကျုံးဝင်တဲ့ မြို့နယ်တွေသာမက ဆက်စပ်နေတဲ့ မြို့နယ်တွေမှာပါ ဆန္ဒသ‌ဘောထား ရယူရမယ်လို့ ဆိုပါတယ်။

ဒီလိုမျိုး ရေးဆွဲပြဌာန်းခွင့်ပေးတာဟာ ဖက်ဒရယ်စနစ်ကို ဦးတည်စေနိုင်မှာ မဟုတ်ဘဲ ဗဟိုဦးစီးစနစ်ကိုသာ ဆက်လက်ခိုင်မာအားကောင်းစေမှာဖြစ်တယ်လို့ Spring Sprouts အဖွဲ့က ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက်နဲ့ပတ်သက်လို့ ကနဦး သုံးသပ်ထားတာပါ။

ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သက်တမ်းကိုလည်း ၁၀ နှစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်တွေ နုတ်ထွက်လိုရင် သမ္မတရဲ့ ခွင့်ပြုချက် ရယူရမှာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်ထောင်စုအဆင့် ဝန်ကြီး ဒုဝန်ကြီး စာရင်းစစ်ချုပ် ဒုစာရင်းစစ်ချုပ် နေပြည်တော်ကောင်စီဥက္ကဌ ကောင်စီဝင်တွေလည်း ရာထူးသက်တမ်းမကုန်ဘဲ နုတ်ထွက်လိုရင် သမ္မတရဲ့ ခွင့်ပြုချက် တောင်းခံရမှာပါ။

ဒီလိုမျိုး အဆိုပြုချက်တွေကြောင့် သမ္မတရဲ့ အာဏာ ပိုမိုကြီးထွားလာနိုင်သလို သမ္မတရဲ့ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးအာဏာစက်ကို တိုးချဲ့ထားတဲ့အတွက် နိုင်ငံရေးအခင်းအခင်းတစ်ခုလုံးကို သေသပ်ပိပြားအောင် ကြံရွယ်ထားတယ်လို့ Spring Sprouts အဖွဲ့က ထောက်ပြပါတယ်။

တစ်ဘက်မှာ တိုင်း၊ပြည်နယ် ဝန်ကြီးချုပ်တွေအပါအဝင် ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေရဲ့ အရည်အချင်းသတ်မှတ်ချက်တွေထဲမှာ သူတို့နဲ့ သူတို့မိသားစုဝင်တွေဟာ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူးခံမဖြစ်ရေးနဲ့ တိုင်းတစ်ပါးသား မဖြစ်ဖို့ကိုလည်း ဖြည့်စွက်ထားတာပါ။

ဒါ့အပြင် အဆိုပြုထားတဲ့ ၄၃ ချက်ကို ပြင်ဆင်တဲ့အခါမှာလည်း ပုဒ်မ ၄၃၆ (က) နဲ့ ၄၃၆ (ခ) အရ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်ရဲ့ ထောက်ခံမှု လိုအပ်တဲ့အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲလုပ်ပြီး မဲပေးသူထက်ဝက်ကျော်ရမှ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဖြစ်စဉ်တစ်ရပ်လုံးကို ကြည့်မယ်ဆိုရင် စစ်တပ်ရဲ့ ဗဟိုပြုမှုကို အခြေခံထားတာဖြစ်လို့ ဖက်ဒရယ်ခေါင်းစဉ်အောက်က စစ်အာဏာတည်တံ့အောင် ပြင်ဆင်မှုလို့ သုံးသပ်ပါတယ်။

“ဖြစ်စဉ်ကို ဘယ်သူက ထိန်းချုပ်ထားလဲပေါ့။ နောက်တစ်ချက်က ၄၃ ချက်ထဲမှာ ဘာတွေ ပါတယ်၊ ပါတွေ မပါဘူးလဲဆိုတာ ကြည့်ဖို့လိုပါတယ်။ နံပါတ်သုံးကတော့ နောက်ဆုံးအဆင့်မှာ ဘယ်သူ့ရဲ့ သဘောတူညီချက် မပါဘဲ မဖြစ်နိုင်ဘူးလဲ ဘယ်သူ့ရဲ့ သဘောတူညီချက်က နောက်ဆုံး ဆုံးဖြတ်မှာလည်းပေါ့နော်။ ဒီသုံးချက်စလုံးရဲ့ အဖြေကတော့ စစ်တပ်ရဲ့ ဗဟိုပြုနေတယ်ဆိုတာကို မြင်ရမှာပါ။ အဲဒီအခြေခံအရဆိုရင်တော့ ကျွန်တော်ပြောသလိုပဲ ဖက်ဒရယ်ခေါင်းစဉ်အောက်က စစ်အာဏာကို ပြန်ပြီးတော့ တည်တံ့နိုင်အောင် ပြင်ဆင်တဲ့ ကြိုးစားမှုတစ်ခုလို့ မြင်လို့ရပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

နိုင်ငံတော်ရဲ့ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်တယ်ဆိုတဲ့အချက်ကိုတော့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အဆိုပြုထားတဲ့ ၄၃ ချက်ထဲမှာ မပါဝင်လာပါဘူး။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်တွေ ထွန်းကားပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ မရှိတဲ့အချိန်မှာ စစ်တပ်အနေနဲ့ လွှတ်တော်မှာ ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မယ်လို့ တပ်ချုပ်ရာထူးနဲ့ ဦးမင်းအောင်လှိုင်က ၂၀၂၅ ခုနှစ် ဒီဇင်ဘာလဆန်းမှာ ထုတ်ပြောခဲ့ဖူးပါတယ်။

Spring Sprouts အဖွဲ့ကတော့ အဆိုပြုထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၃ ချက်ဟာ ဖက်ဒရယ်စနစ်၊ ဒီမိုကရေစီစံနှုန်း၊ ဥပဒေစိုးမိုးရေး၊လူ့အခွင့်အရေးတွေနဲ့ ဆန့်ကျင်သွေဖယ်နေပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအခြေပြု စစ်အာဏာရှင်စနစ်ကိုသာ ခိုင်မာစေမယ်လို့ သုံးသပ်ထားတာပါ။

ဖွဲ့စည်းလိုက်တဲ့ ပူးပေါင်းကော်မတီရဲ့ တာဝန်တွေထဲမှာတော့ နိုင်ငံရဲ့ သမိုင်းကြောင်း၊ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပြည်သူတွေရဲ့ နိုင်ငံရေးအသိရင့်ကျက်မှု၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်ရေးအခြေအနေတွေပေါ် မူတည်ပြီး လေ့လာသုံးသပ်သွားရမှာ ဖြစ်ပါတယ်။

အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ဟာ ဒီမိုကရေစီစနစ်နဲ့ ပိုမိုကိုက်ညီလာစေဖို့ အပါအဝင် ပြည်သူတွေရဲ့ ယုံကြည်မှု၊ အားထားမှုကို ရရှိတဲ့ ဥပဒေနဲ့အညီ လွတ်လပ်စွာ တရားစီရင်ရေးစနစ် ဖြစ်ပေါ်လာစေဖို့ လေ့လာသုံးသပ်တင်ပြရမယ်လို့ ဆိုပါတယ်။

ပူးပေါင်းကော်မတီရဲ့ လေ့လာတွေ့ရှိချက်နဲ့ သဘောထားမှတ်ချက်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်နာယကရဲ့ ခွင့်ပြုချက်နဲ့အတူ လွှတ်တော်ကို တင်သွင်းရမှာဖြစ်လို့ မတင်ပြမီအချိန်ထိတော့ လျှို့ဝှက်အဆင့် ထိန်းသိမ်းရမှာပါ။

ဥပဒေမူကြမ်းပြုစုတင်ပြရာမှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) နဲ့ (ခ) ပါ ပုဒ်မ၊ ပုဒ်မခွဲတွေအတွက် ပြင်ဆင်လိုတဲ့ ဥပဒေကြမ်းကို သီးခြားစီရေးသားပြီး တစ်ပါးတည်းတင်ပြရမယ်လို့ ပူးပေါင်းကော်မတီရဲ့ တာဝန်တွေအဖြစ် ထည့်သွင်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.