မွန်မှာ စစ်အစိုးရ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ စည်းရုံးပြန်ဆင်းနေ

ဘီးလင်း ၊ နိုဝင်ဘာ ၁၃

မွန်ပြည်နယ် မြို့နယ်တချို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ စစ်အစိုးရရဲ့ ဌာနစုံပါဝင်တဲ့ပူးပေါင်းအဖွဲ့တွေဟာ စစ်ကြောင်းကြီး ၅ ကြောင်းနဲ့ နယ်လှည့်စည်းရုံးမှုတွေ ပြန်လုပ်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကြောင်းကြီး ၅ ကြောင်းလို့ အမည်ပေးထားတဲ့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့က မွန်ပြည်နယ် ဘီးလင်းမြို့နယ် ညောင်ပုလ္လင်ကျေးရွာမှာ နယ်လှည့်စည်းရုံးရေးဆင်းခဲ့တာပါ။

အဲဒီစစ်ကြောင်းကြီး ၅ ကြောင်းဟာ ဒေသတွင်း လုံခြုံရေး၊တရား ဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အရှိန်အဟုန်မြင့် ဆောင်ရွက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေသခံပြည်သူတွေကို ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။

ဘီးလင်း ဒေသခံ တစ်ဦးကတော့ စစ်အစိုးရက လုံခြုံရေးနဲ့တရားဥပဒေစိုမိုးရေးအကြောင်း ပြောဆိုနေပေမယ့် ဒေသတွင်း ငြိမ်းချမ်းမှု မရှိတာကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ အလှမ်းဝေးနေဦးမယ်လို့ ပြောပါတယ်။

“ဒီအစိုးရတော့ ပြည်သူ တင်မြှောက်ထားတဲ့ အစိုးရ တစ်ရပ် မဟုတ်လို့ ဘယ်လောက် လုပ်လုပ် အဆင်ပြေမှာ မဟုတ်ဘူး။ လက်ရှိ အခြေအနေနဲ့ ဘယ်လိုမှ မဖြစ်ဘူးလေ။ ပဋိပက္ခတွေက အများကြီး ရှိနေတာပဲ။ နိုင်ငံတော်ကြီး မငြိမ်းချမ်းသရွေ့ကတော့ ဘယ်လိုမှကို အဆင်ပြေလာမှာတော့ မဟုတ်ဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်အစိုးရက ပြည်သူတွေကို သူတို့ဘက် ပါအောင် စည်းရုံးရေး ဆင်းနေပေမယ့် အများစုက စိတ်ဝင်စားမှု မရှိသလို သူတို့ ပြောသွားတဲ့ အတိုင်းလည်း အမှန်တကယ် လုပ်ဆောင် ပေးတာ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်အစိုးရ လက်အောက်ခံတွေက တရား ဥပဒေ စိုးမိုးမှု ရှိဖို့ ပြောပေမယ့် သူတို့ ကိုယ်တိုင် ဒေသခံတွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးတာ၊ ပြန်ပေးဆွဲ ငွေညှစ်တာအပြင် အကြောင်း တစ်ခုခုပြပြီး ပြည်သူပိုင် သိမ်းဆည်းတာတွေက အစ လုပ်ဆောင်နေတာပါ။

ဒါ့အပြင် ရပ်ရွာ အေးချမ်းသာယာဖို့ ဆိုပြီး ပြောပေမယ့် ဘီးလင်းမြို့ပေါ် ပြည်ထောင်စုလမ်းပိုင်းအထိ မကြာခဏ တိုက်ပွဲ ဖြစ်တာရှိသလို ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ဖို့ ပြောပေမယ့် လမ်းတွေ ပျက်စီးတာတောင် ပြင်ပေးတာ မရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။

ဘီးလင်းမြို့နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြို့ပေါ် ရပ်ကွက်တွေအထိ မကြာခဏ ဆိုသလို စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုအကြား တိုက်ပွဲ ဖြစ်ပွားလေ့ရှိသလို စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းရန်တွေကြောင့် ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင် နေရတာ ဖြစ်ပါတယ်။

စစ်ကြောင်းကြီး ၅ ကြောင်းလို့ အမည်ပေးထားတဲ့ ဌာနစုံပါဝင်တဲ့ ပူးပေါင်းအဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် စစ်ကောင်စီ လက်ထက်ကစလို့ ဒေသန္တရအုပ်ချုပ်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ဖွံ့ဖြိုရေးခေါင်းစဉ်နဲ့ လှည့်လည်စည်းရုံးရေးတာနဲ့ နယ်မြေစိုးမိုးရေး ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.